




19.1.2026
Written by Linn Eain
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာအနီး၊ သာယာကုန်းရပ်ကွက်ရှိ နှင်းဆီလမ်းအတွင်း မီးလောင်မှု ယနေ့ နေ့လယ် ၁ နာရီတွင် မီးငြှိမ်းသတ်မှုပြီးဆုံခဲ့ကာ မီးလောင်မှုအကြောင်းအရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေကြောင်း နောက်ဆုံးရရှိသောသတင်းများအရ သိရသည်။
သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းအတွင်းရှိ အဝတ်အထည်နှင့် ပိတ်စထားရှိသည့် ဂိုဒေါင်တွင် ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၁၀ နာရီခွဲတွင် မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးလောင်မှုသို့ မီးငြှိမ်းသတ်ယာဉ်စေလွှတ်မှု Level 1 ယာဉ်အုပ်စုများ နံနက် ၁၀ နာရီ ၃၉ မိနစ်တွင် စတင်ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၁၁ နာရီ ၄ မိနစ်တွင် Level 2 ယာဉ်အုပ်စု ထပ်မံထွက်ခွာ ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။





မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် တိုက်ခန်းမှာ အဝတ်အထည်နှင့်ပိတ်စလိပ်များထားရှိသည့် နေရာဖြစ်၍ မီးလောင်မှုအားကောင်းစေသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် အချိန်တိုအတွင်း သာလွန်အင်အားဖြင့် ရောက်ရှိငြှိမ်းသတ် ထိန်းချုပ်နိုင်ခဲ့ပြီး မီးငြှိမ်းသတ်သည့် Robot ယာဉ်များ Nano ယာဉ်များကိုပါ အသုံးပြုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့က ယာဉ်အုပ်စုတွေရော၊ သာလွန်အင်အားတွေနဲ့ရော မီးငြှိမ်းသတ်ခဲ့ပါတယ်။ ပိတ်စတွေဆိုတော့ မီးလောင်မှုအားပြင်းပြီး အဲဒီက ထွက်ရှိတဲ့ မီးခိုးအရှိန်က အပူရှိန်အရမ်းပြင်းပါတယ်။ မီးခိုးမှာပါတဲ့ မီးအပူရှိန်က တစ်ဖက်တိုက်ခန်းကိုပါ ကူးစက်လောင်ကျွမ်းဖို့ အားကောင်းစေပါတယ်။ ထပ်ခိုးတွေမှာရှိတဲ့ အဝတ်အထည်တွေကိုပါ သေချာချာခက်ခက်ခဲခဲ မီးငြှိမ်းသတ်ခဲ့ပါတယ်။ မီးလောင်မှုအကြောင်းအရင်းကို ပြီးရင် ဆောင်ရွက်ကြမှာဖြစ်ပြီး အခုထိတော့ သေချာမသိရသေးပါဘူး ‘’ ဟု ပြောကြားခဲ့သည်။
နှင်းဆီလမ်းအတွင်း မီးလောင်ကျွမ်းမှုသည် နံနက် ၁၁ နာရီ ၄၂ မိနစ်တွင် မီးငြိမ်း၍ ထိန်းချုပ်နိုင်ခဲ့ပြီး နေ့လယ် ၁ နာရီတွင် မီးငြှိမ်းသတ်မှုပြီးဆုံးခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုတွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး လက်တွင် ဒဏ်ရာရရှိ၍ ဂန္ဓီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း မြေပြင်သတင်းစုံစမ်းမှုများအရ သိရသည်။
ထို့ပြင် မီးလောင်ကျွမ်းမှုတွင် တစ်ဦးမီးလောင်သေဆုံးခဲ့သည်ဟု သတင်းများကြားသိရ၍ တာဝန်ကျ ရဲအရာရှိတစ်ဦးကို မေးမြန်းခဲ့ရာ လူသေဆုံးမှုမရှိကြောင်းနှင့် မီးငြှိမ်းသည့် အမျိုးသားတစ်ဦးသာ ထိခိုက်၍ ဆေးရုံသို့ပို့ဆောင်ထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
သာယာကုန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “မီးလောင်မှုက ကျွန်တော်တို့ တိုက်ပေါ်ကနေ ပြေးဆင်းနေတဲ့အချိန် မီးတောက်က မြင်နေရပြီ။ အတွင်းထဲမှာ ရဲနေတာပဲ။ အဲဒီမှာ အလုပ်လုပ်တဲ့ အသက် ၂၀ ကျော်လောက် ကောင်လေးတစ်ယောက်ကို သက်ဆိုင်ရာက မေးမြန်းနေတာတေ့ာတွေ့ရတယ်။ မီးလောင်မှုအကြောင်းအရင်းကို မသိရပေးမဲ့ ဝါယာရှော့ခ်လို့ ကြားရတယ်”ဟု ပြောသည်။
အဆိုပါ မင်္ဂလာတောင်ညွန့်မြို့နယ်၊ နှင်းဆီလမ်းမီးလောင်ကျွမ်းမှုတွင် အဝတ်အထည်ဂိုဒေါင်နှင့် ကပ်လျက်ရှိ အင်္ကျီနှင့် အဝတ်အထည်အရောင်းဆိုင်တို့ မီးလောင်ကျွမ်းကာ ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံမှုတန်ဖိုးမှာ တွက်ချက်နေဆဲဖြစ်၍ မသိရသေးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
ယခုမီးလောင်ကျွမ်းမှုဖြစ်ပွားသည့် နှင်းဆီလမ်းမှာ အဝတ်အထည်နှင့် ပိတ်စလိပ်များ အဓိကရောင်းချသည့် ဆိုင်ခန်းများဖွင့်လှစ်ထားရှိပြီး အထပ်မြင့်လူနေတိုက်ခန်းများဖြင့် စည်ကားသည့်နေရာဖြစ်ကာ စီးပွားရေးအရ အချက်အချာကျသည့် ယုဇနပလာဇာနှင့်လည်း နီးကပ်စွာတည်ရှိကြောင်း သိရသည်။
ထို့ပြင် မီးလောင်မှုကြောင့် အသစ်ပြန်လည်တည်ဆောက်နေသည့် မင်္ဂလာစျေးနှင့်လည်း ကားလမ်းတစ်ဖက်ခြား တည်ရှိသည့် နေရာလည်းဖြစ်ကြောင်း သိရသည်။
