






၁၉.၁.၂၀၂၆
Written By Thandar
ဖူးဖူး ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ပွဲဦးထွက် ဇာတ်ကားဖြစ်တဲ့ “အငြိုးအတေး” ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲ အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ဇာတ်သဘင်နဲ့ ရုပ်ရှင်နဲ့ဆုံစည်းကြတဲ့ ကားလေးပါ။ အောင်ဇမ္ဗူကလည်း ပထမဆုံးပွဲပေါ့လေ။ အနုပညာအလုပ်ကို အကုန်အတူတူလုပ်နေတာပါပဲ။ ဒီဇာတ်သဘင်မှာဆိုလည်း ရုပ်ရှင်အဖွဲ့တွေက အများကြီးပါတာကြတာပါပဲ။ အဲလိုမျိုးပဲ ရုပ်ရှင်အဖွဲ့မှာ ဇာတ်သဘင်က အများကြီးပါကြပါတယ်။ ဒီကလေးနဲ့ ပူးပေါင်းပြီးတော့ ရိုက်ဖြစ်တာပါ။ သူ့ပရိသတ်ကလည်းများတော့ အမျိုးသမီးပရိသတ်များတော့ တင့်တောင်းတင့်တယ်မြင်ချင်ကြတာမို့ ဒီကားမှာ မင်းသားကို ဘယ်လိုအငြိုးအတေးတွေမြင်ရမလဲဆိုတာ မကြာခင်တွေ့ရမှာပါ”လို့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို Executive Producer ဒေါက်တာဖူးပွင့်ခိုင်၊ ဇာတ်လမ်း ၊ ဇာတ်ညွှန်း ဖြိုးသဉ္ဇာကျော်က ရေးသားပြီး ဒါရိုက်တာ အကယ်ဒမီကိုဇော် (အရုဏ်ဦး)က ဇာတ်လမ်းဇာတ်အိမ်မတူတဲ့ အငြိုးအတေးပုံစံနဲ့ ရိုက်ကူးပုံဖော်သွားမှာလည်းဖြစ်ပါတယ်။
သရုပ်ဆောင် အောင်ဇမ္ဗူ၊ အကယ်ဒမီမေမြင့်မိုရ်၊ မြတ်သူသူ၊ အကယ်ဒမီ မျိုးသန္တာထွန်း၊ စိုးမိုးကြည်၊ အက်ရှ်လေဘေဘေး စတဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။
