


သက်တံ့
၁၉. ၁. ၂၀၂၆
စပိန်နိုင်ငံတောင်ပိုင်း ကော်ဒိုဘာ (Cordoba) မြို့အနီးတွင် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော အရှိန်မြင့်ရထား (High-speed train) နှစ်စင်း တိုက်မိမှုကြောင့် သေဆုံးသူအရေအတွက်မှာ ယနေ့ တနင်္လာနေ့အထိ နောက်ဆုံးရရှိသော သတင်းများအရ ၂၄ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။
ကနဦးတွင် သေဆုံးသူ ၂၁ ဦးသာရှိခဲ့သော်လည်းဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသည့် ဒဏ်ရာပြင်းထန်သူများအနက် ၃ ဦး ထပ်မံသေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသည့် ဒဏ်ရာရရှိသူ ၇၀ ကျော်ထဲမှ ၂၇ ဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။
အဆိုပါ မတော်တဆမှုသည် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မာလာဂါ (Malaga) မြို့မှ မက်ဒရစ်မြို့သို့ ဦးတည်မောင်းနှင်လာကာ ခရီးသည် ၃၁၇ ဦး တင်ဆောင်လာသည့် ရထားသည် ကော်ဒိုဘာမြို့မှ ၂၀ ကီလိုမီတာခန့်အကွာ အဒါမုဇ် (Adamuz) မြို့အနီးတွင် အကြောင်းရင်းမသိရသေးဘဲ လမ်းချော်မှု ဖြစ်ပွားခဲ့သည်။
ထိုသို့ လမ်းချော်သွားသည့်ရထားသည် ဘေးချင်းကပ်ရထားလမ်းပေါ်တွင် မက်ဒရစ်မြို့မှ ဝယ်လ်ဗာ (Huelva) မြို့သို့ မောင်းနှင်နေသည့် အခြားအရှိန်ပြင်းရထားတစ်စင်းကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
စပိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး အော်စကာ ပွန်တေး၏ ပြောကြားချက်အရ တိုက်မိမှုမှာ အလွန်ပြင်းထန်ပြီး မာလာဂါ-မက်ဒရစ် ရထား၏ နောက်ဆုံးတွဲနှစ်တွဲသည် လမ်းချော်ကာ မျက်နှာချင်းဆိုင်မှလာသော ရထား၏ ရှေ့ဆုံးတွဲနှစ်တွဲကို အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ယခုဖြစ်ရပ်အတွက် “နိုင်ငံအတွက် အလွန်နာကျင်ရတဲ့ ညတစ်ည” ဟု ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး စပိန်တော်ဝင်မိသားစုကလည်း သေဆုံးသူများ၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် အာဏာပိုင်များသည် ရထား၏ အချက်အလက်မှတ်တမ်းတင်စက် (Black Box) ကို သိမ်းဆည်းရမိထားပြီး ပထမရထား မည်သည့်အတွက်ကြောင့် လမ်းချော်ခဲ့ရသည်ကို နည်းပညာပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။ အခင်းဖြစ်ပွားသည့်နေရာရှိ ရထားတွဲပျက်များကို ဖယ်ရှားရန် အကြီးစားကရိန်းများကို အသုံးပြုနေရသဖြင့် အဆိုပါ ရထားလမ်းပိုင်းရှိ ခရီးစဉ်များကို အနည်းဆုံး ဗုဒ္ဓဟူးနေ့အထိ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သိရသည်။
စပိန်နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး ရထားမတော်တဆမှုမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လက ဆန်တီယာဂို ဒီ ကွန်ပိုစတဲလား မြို့အဝင်တွင် ဖြစ်ပွားခဲ့ပြီး လူ ၇၉ ဦး သေဆုံးခဲ့ဖူးသည်။ ယခုဖြစ်စဉ်သည် ထိုစဉ်ကဖြစ်စဉ်ပြီးနောက် ဒုတိယမြောက် အဆိုးရွားဆုံး မတော်တဆမှုအဖြစ် မှတ်တမ်းဝင်ဖွယ် ရှိနေသည်။
Reference: Xinhua, Reuters, El País & BBC News
