
သတိုး
၁၉. ၁. ၂၀၂၆
လက်ရှိ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ကြီးမှူးကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာရန်အတွက် ထိုင်းအစိုးရအနေဖြင့် လေ့လာသူများ စေလွှတ်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောင်ကတ်ကီယိုက ဘန်ကောက်မြို့တွင် NHK သတင်းဌာနနှင့် တွေ့ဆုံရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက ယခုရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအင်အားစုအားလုံးအကြား နိုင်ငံရေးဆွေးနွေးပွဲများကို အားပေးမြှင့်တင်ပေးနိုင်ပြီး “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်၏ အစပျိုးမှု” တစ်ရပ် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။
သို့သော်လည်း အဆိုပါရွေးကောက်ပွဲတွင် ဒီမိုကရေစီလိုလားသည့် အင်အားစုများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုဘဲ ဖယ်ထုတ်ထားခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ယခုမဲပေးပွဲကို တရားမျှတမှုမရှိသည့် “ဟန်ပြရွေးကောက်ပွဲ” (Sham) သာဖြစ်ကြောင်း ပြစ်တင်ရှုတ်ချလျက်ရှိသည်။
အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံများကလည်း အဆိုပါရွေးကောက်ပွဲအား လေ့လာသူအဖွဲ့ စေလွှတ်ရန် ငြင်းဆိုခဲ့ကြသည်။ ရွေးကောက်ပွဲသို့ လေ့လာသူအဖွဲ့ စေလွှတ်ခြင်းသည် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ဦးစီးသည့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု ထောက်ခံသကဲ့သို့ ဖြစ်သွားမည်ကို အချို့အဖွဲ့ဝင်နိုင်ငံများက စိုးရိမ်နေကြခြင်းဖြစ်သည်။
သို့သော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားရန် ထိုင်းအစိုးရ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့သည်။
၎င်းက ယခုရွေးကောက်ပွဲသည် အနောက်နိုင်ငံများအပါအဝင် လူအများ၏အမြင်တွင် ပြည့်စုံမှုမရှိနိုင်သည်မှာ မှန်သော်လည်း၊ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ “အိမ်နီးချင်းနိုင်ငံ” ဖြစ်နေသည့်အတွက် လက်ရှိအရှိတရားကို ရင်ဆိုင်ဖြေရှင်းသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာ့ရွေးကောက်ပွဲရလဒ်အပေါ် မည်သို့တုံ့ပြန်သွားမည်ကို ဆွေးနွေးရန်အတွက် ယခုလနှောင်းပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
Ref: NHK World
