◾️ (၄၂)ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်သို့လည်း သွားရောက်





၁၈. ၁. ၂၀၂၆
Written by Nyein Kyaw
မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး၊ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးတို့နှင့် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးများသို့ ယနေ့ သွားရောက်ဖူးမြော် ကြည်ညိုသည်။
ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း တည်ထားကိုးကွယ်မည့် လောကသရဖူစေတီတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိကြပြီး မြေကြီးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပင်မစေတီတော်တည်ဆောက်ခြင်း၊ ရင်ပြင်ကြမ်းခင်းခြင်း၊ အရံစေတီများ တည်ဆောက်ခြင်း၊ ပစ္စယံများကျောက်စီခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုပြီးနောက် ယာယီသမ္မတသည် စေတီတော်ကြီး တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဝစီပိတ်ဆရာတော်ကြီး၏ မိန့်ကြားမှုများအပေါ် လိုအပ်သည်များ တင်ပြလျှောက်ထားကာ စေတီတော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိက အဆောက်အဦများတည်ဆောက်ထားရှိမှုနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ် ဖွားပွင့် ဟောစံ သံဝေဇနိယ လေးဌာနတို့အား လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားသည်။
ထို့နောက် ယာယီသမ္မတနှင့်အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ် အားဖူးမြော် ကြည်ညို၍၊ သောက်တော်ရေချမ်းနှင့် ပန်းမန်၊ ဆီမီးတို့ကိုကပ်လှူပူ ဇော်ကြပြီးနောက် မဟာဗောဓိစေတီ တော်မြတ်ကြီး ဘက်စုံထိန်းသိမ်း ဆောင်ရွက်ရန်အတွက် စုပေါင်းအလှူတော်ငွေများကို ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်တစ်ဦးက လက်ခံရယူသည်။






ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး ယာယီသမ္မတက စေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေး ခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်သည်။ ဆက်လက်၍ ယာယီသမ္မတသည် ဗုဒ္ဓဥယျာဉ်တော် သီလဓမ္မ ကုသိုလ်ဖြစ်ဆေးခန်းဆောင် ရွက်ထားရှိမှုနှင့် သီလဓမ္မဆေးရုံတော် တည်ဆောက်ထားရှိမှု အခြေအနေများကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ယာယီသမ္မတနှင့်အဖွဲ့ဝင်များသည် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညိုကာ လက်ယာရစ် လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး စေတီတော်လှိုဏ်အတွင်း စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်ထားရှိသည့် ဗုဒ္ဓဝင်များကို လှည့်လည်ကြည်ညိုကြပြီးနောက် ယာယီသမ္မတက ရုပ်ပွားတော်မြတ်ကြီးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်ရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။
ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် ညပိုင်းတွင် ကျိုင်းတုံမြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြကြပြီးနောက် ဘုရားကြီးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းခဲ့ပြီး ဘုရားကြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးပူဇော်သည်။
၎င်းနောက် ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင် ကျင်းပ ပြုလုပ်သည့် (၄၂)ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်သို့ သွားရောက်၍ ဒေသရိုးရာအစားအသောက်များ၊ အဝတ်အထည် များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို လိုက်လံကြည့်ရှုပြီး ဈေးရောင်းချနေသူများနှင့် လာရောက်စားသုံးကြသည့် ပြည်သူလူထုများ၊ နှစ်သစ်ကူးပွဲတော်သို့ လာရောက်ဆင်နွဲကြသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
