◾ ၁၆ ဦးထက်မနည်း ပျောက်ဆုံးနေ၍ သေဆုံး ဒဏ်ရာရသူအရေအတွက် ဆက်လက်မြင့်တက်လာဖွယ်ရှိနေ



သက်တံ့
၁၈. ၁. ၂၀၂၆
ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ကရာချိမြို့ရှိ အထပ်မြင့်ဈေးဝယ်စင်တာကြီးတစ်ခုတွင် အကြီးအကျယ် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ မီးသတ်သမားတစ်ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်တွင် ကရာချိမြို့ရှိ Gul Plaza ၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။ သိပ်သည်းလှသော စီးပွားရေးဇုန်အတွင်း မီးကူးစက်ပျံ့နှံ့ခြင်းမရှိစေရန် မီးသတ်သမားများသည် တစ်ညလုံး ကြိုးပမ်းငြှိမ်းသတ်ခဲ့ရပြီး အဆောက်အအုံအတွင်းမှ မီးတောက်များ ထွက်ပေါ်နေသည်ကို ဗီဒီယိုမှတ်တမ်းများတွင် တွေ့မြင်ရသည်။
အဆောက်အအုံဝန်းကျင်တွင် ရာနှင့်ချီသော လူများ စုရုံးရောက်ရှိနေကြပြီး ၎င်းတို့အထဲတွင် မိမိတို့၏ ဆိုင်ခန်းများ ပြာကျသွားသည်ကို ကြည့်ကာ စိတ်နှလုံးထိခိုက်နေကြသော ဆိုင်ပိုင်ရှင်များလည်း ပါဝင်သည်။ ဒေသတွင်းသတင်းများအရ မီးစတင်လောင်ကျွမ်းချိန်တွင် ဆိုင်ပိုင်ရှင်အများစုမှာ ဆိုင်ပိတ်နေကြပြီဖြစ်ခြင်း သို့မဟုတ် ပြန်သွားကြပြီဖြစ်ခြင်းတို့ကြောင့် မီးသည် အလွန်မြန်ဆန်စွာ ကူးစက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ကရာချိမြို့ မြို့ပြဆေးရုံသို့ သေဆုံးသူ ၆ ဦး၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူ ၁၁ ဦး ရောက်ရှိလာကြောင်း ရဲခွဲစိတ်ဆရာဝန် ဒေါက်တာ ဆူမိုင်ယာ ဆယက် (Summaiya Syed) က ပြောကြားခဲ့သည်။




South Deputy Commissioner (DC) ဂျာဗတ် နာဘီ ခိုဆို (Javed Nabi Khoso) ၏ ပြောကြားချက်အရ လက်ရှိအချိန်အထိ မိသားစုများက ပျောက်ဆုံးနေသူ ၁၆ ဦးရှိကြောင်း သတင်းပေးပို့ထားသည်ဟု သိရသည်။
ဒေလီကိုလိုနီ (Delhi Colony) မှ နေထိုင်သူ မန်ဆူနှင့် ဂျာမီးလ်တို့ကလည်း Gul Plaza သို့ ဈေးဝယ်ထွက်သွားသော ၎င်းတို့၏ မိသားစုဝင် ၆ ဦးနှင့် အဆက်အသွယ်မရတော့ကြောင်း ပြောကြားခဲ့သည်။အဆိုပါ ပျောက်ဆုံးနေသူများတွင် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦးနှင့် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပါဝင်သည်။
မီးသတ်လုပ်ငန်းဆောင်ရွက်စဉ် ဖာကန် ရှောက်ကတ် (Furqan Shoukat) အမည်ရှိ မီးသတ်သမားတစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ကြောင်း ကရာချိမြို့တော်ဝန် မူတာဇာ ဝါဟပ် (Murtaza Wahab) က အတည်ပြုပြောကြားခဲ့သည်။
လေလံတင်သွင်းလာသော အဝတ်အထည်များ၊ ပလတ်စတစ်အိမ်သုံးပစ္စည်းများ သိုလှောင်ထားသည့် နေရာမှ မီးစတင်ခဲ့ခြင်းဖြစ်သောကြောင့် မီးသည် အလွန်မြန်ဆန်စွာ ဟုန်းခနဲ လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်။
အဆောက်အအုံ၏ အစိတ်အပိုင်းအချို့မှာ စတင်ပြိုကျနေပြီဖြစ်သဖြင့် အဆောက်အအုံတစ်ခုလုံး ပြိုကျလာမည်ကို ကယ်ဆယ်ရေးသမားများက စိုးရိမ်နေကြသည်။
ပါကစ္စတန်ရှိ အဆောက်အအုံအများစုတွင် မီးဘေးကာကွယ်ရေးနှင့် မီးသတ်စနစ်များ လုံလောက်စွာ တပ်ဆင်ထားခြင်းမရှိမှုက အသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားစေရသည့် အဓိကအကြောင်းရင်းဖြစ်နေသည်။
ကရာချိမြို့တည်ရှိရာ ဆင်းဒ် (Sindh) ပြည်နယ်တွင် ယခုကဲ့သို့ မတော်တဆမှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း ဈေးဝယ်စင်တာတစ်ခု မီးလောင်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ဖူးသည်။
လက်ရှိတွင် မီးငြှိမ်းသတ်ပြီးနောက် အဆောက်အအုံအအေးခံသည့် (Cooling process) လုပ်ငန်းစဉ်များ ပြီးဆုံးမှသာ ပျောက်ဆုံးနေသူများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မီးငြှိမ်းသတ်ပြီးပါက စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်သွားမည်ဖြစ်သည်။
Ref: Daily Mail
