

သက်တံ့
၁၈. ၁. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်က ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃၀ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီတွင် သန်လျင်မြို့နယ်၊ ငါးပြေမကျေးရွာအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သန်လျင်မြို့နယ်၊ ခြောက်လမ်းသွားအတိုင်း တောင်မှမြောက်သို့ ညောင်လေးပင် ကျေးရွာနေ ဇေယျာနိုင်(၂၉)နှစ် မောင်းနှင်သည့် YGN-8 9F/XXXX CANTER LIGHT TRUCK အဖြူရောင် မော်တာ်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ “ဂ” ကွေ့ပြန်ကွေ့စဉ် လားရာတူအနောက်မှ ခရမ်းမြို့နယ်၊ ကွမ်းမိုးဒိန်းရပ်ကွက်နေ မိုးအောင်(၃၁)နှစ် မောင်းနှင်သည့် YGN-41 5E/XXXX ISUZU LIGHT TRUCK ယာဉ်နှင့် တိုက်မိခဲ့သဖြင့် အဆိုပါ မော်တော်ယာဉ်နှစ်စီးတွင် လိုက်ပါလာသည့် အထည်ချုပ်နှင့် ဖိနပ်စက်ရုံ အလုပ်သမားများဖြစ်သည့် ကိုရှိန်းဘိုဘိုဇော်ပါ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃၀ ဦး တို့တွင် ထိခိုက်ဒဏ်ရာများအသီးသီးရရှိခဲ့သည်ဟု သိရသည်။
ထိုဖြစ်စဥ်အတွက် ဇေယျာနိုင်နှင့် မိုးအောင်တို့နှစ်ဦးအား သန်လျင်မြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
