
နေမိုး
၁၈. ၁. ၂၀၂၆
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်း ရေးဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုလည်း ယာခင်းတွင်ရှိနေသည့်အမျိုးသားကို ဒလန်တံဆိပ်ကပ်ကာ တောင်တွင်းကြီး PDF အဖွဲ့က ပစ်သတ်လိုက်မှု ကျူးလွန်ခဲ့ကြပြန်သည်။
NUG ဩဇာခံ တောင်တွင်းကြီး PDF များ၏ ကျးးလွန်မှုဖြစ်စဥ်မှာ ယမန်နေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်းကျေးရွာနေ ဦးစိုးနိုင်(၅၄)နှစ်သည် ကျေးရွာ၏အနောက် မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ယာခင်းအတွင်းရှိနေစဉ် PDF သုံးဦးက ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးစိုးနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
