
၁၈.၁.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် က ဂျာမနီ၊ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ပြင်သစ်၊ ယူကေ၊နယ်သာလန်နဲ့ ဖင်လန်နိုင်ငံတို့အပေါ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံမှုပြုသွားမယ်လို့ ဇန်နဝါရီလ ၁၇ ရက်မှာ ပြောခဲ့ပါတယ်။
ဂရင်းလန်းကျွန်း နဲ့ပတ်သက်လို့ အပြီးအပိုင်ဝယ်ယူဖို့သဘောတူညီချက်တစ်ခုရရှိတဲ့အထိ အဆိုပါနိုင်ငံများမှ အမေရိကန်ကိုတင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ်စည်းကြပ်ခွန်ကောက်ခံမှုတွေ ဆက်လက်ရှိနေမယ်လို့လည်း ထရမ့်ပ်က ပြောကြားပါတယ်။
ထရမ့်ပ်ကစည်းကြပ်ခွန်ကောက်ခံမှုတွေဟာဖေဖော်ဝါရီလ ၁ ရက်မှာ အသက်ဝင်ရန် စီစဉ်ထားတယ်လို့ ပြောခဲ့ပြီး အခုနှစ် ဇွန်လ ၁ ရက်ထိ မည်သည့်ဆုံးဖြတ်ချက်မျှ မရရှိဘူးဆိုရင် အခွန်ကောက်ခံမှုတွေ က ၂၅ ရာခိုင်နှုန်း အထိ မြင့်တက်လာမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်က ဒိန်းမတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်တဲ့ ဂရင်းလန်ကျွန်းဟာ ရုရှားနဲ့ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှုအောက်မှာ ရှိနေတယ်လို့ ထပ်ခါတလဲလဲ ပြောဆိုခဲ့ပြီး ကျွန်းကိုထိန်းချုပ်ဖို့ သူ့ရဲ့ကြိုးပမ်းမှုကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
“ကမ္ဘာ့ငြိမ်းချမ်းရေးဟာ အန္တရာယ်ကျရောက်နေပါတယ်။ တရုတ်နဲ့ ရုရှားတို့ဟာ ဂရင်းလန်းကျွန်းကို လိုချင်ကြပြီး ဒိန်းမတ်နိုင်ငံအနေနဲ့ ဒါနဲ့ပတ်သက်လို့ ဘယ်အရာမှ လုပ်ဆောင်နိုင်မှာမဟုတ်ပါ” လို့ ထရမ့်ပ် က သူ့ရဲ့ Truth Social လူမှုကွန်ရက်ပလက်ဖောင်းမှာ ပြောကြားခဲ့ပြီး ဒိန်းမတ်နိုင်ငံရဲ့ လုံခြုံရေးစနစ်ကို လှောင်ပြောင်ခဲ့ပါတယ်။
လူဦးရေ ၅၇,၀၀၀ နီးပါးသာရှိတဲ့ ဂရင်းလန်းဟာ ဒိန်းမတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနယ်မြေတစ်ခုဖြစ်ပြီး ကျွန်းကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒအတွက် ဒိန်းမတ်နိုင်ငံက တာဝန်ယူ ထားတာပါ။
ဥရောပနိုင်ငံအများအပြားကတော့ ထရမ့်ပ်ရဲ့ အာာတိတ်ဒေသရှိ ဂရင်းလန်းကျွန်းကို သိမ်းပိုက်ဖို့ ကြေညာထားတဲ့အစီအစဉ်ကို ရှုတ်ချခဲ့ကြပါတယ်။
ဆွီဒင်၊ နော်ဝေး၊ ဂျာမနီ၊ ပြင်သစ်နဲ့ ယူကေ တို့ပါဝင်တဲ့င် နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ဒိန်းမတ်ရဲ့ တောင်းဆိုချက်အရ ယခုအပတ်အစောပိုင်းမှာ ဂရင်းလန်းနယ်မြေသို့ တပ်ဖွဲ့ဝင်တွေ ချထားခဲ့ပါတယ်။
အမေရိကန်၊ ဒိန်းမတ်နဲ့ ဂရင်းလန်းတို့အကြား ကြီးမားသောအန္တရာယ်ရှိတဲ့ အစည်းအဝေးက အောင်မြင်မှုမရှိဘဲ ပြီးဆုံးပြီးနောက်မှာ နေတိုးနိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေချထားမှုပေါ်ပေါက်လာခဲ့ပြီး ဒိန်းမတ်နဲ့ ဂရင်းလန်းအရာရှိတွေက ထရမ့်နဲ့ အခြေခံအားဖြင့် သဘောထားကွဲလွဲမှု ရှိနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref : DW News
