
၁၈.၁.၂၀၂၆
Written by Linn Eain
ICJ တွင် မြန်မာနိုင်ငံ၏အမှန်တရားအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်ကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)က ဇန်နဝါရီ ၁၈ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။
ယင်းသဘောထားထုတ်ပြန်ချက်တွင် ICJ အမှုအခင်းသည် မြန်မာနိုင်ငံအတွက် သွေးရိုးသားရိုးအမှုအခင်းတစ်ခုမဟုတ်ဘဲ နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားတို့နှင့်သက်ဆိုင်သော နိုင်ငံ့အရေး ဖြစ်သောကြောင့် မြန်မာနိုင်ငံက မကျူးလွန်သည့်အမှုတစ်ခုကို နိုင်ငံတကာအထင်အမြင်လွဲမှားအောင်၊ မတရားစွပ်စွဲခံရအောင်၊ မြေပြင်အခြေအနေနှင့်ကွဲလွဲသော သတင်းအချက်အလက်အမှားများဖြင့် စွပ်စွဲ နေခြင်းသာဖြစ်ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှ တရားသူကြီးများအနေဖြင့် မှန်ကန်သောတရားစီရင်ရေး ကျင့်ဝတ်ကို စောင့်ထိန်းလျက် အမှန်တရားအတိုင်း ဘက်လိုက်မှုကင်းစွာဖြင့် ဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ယခုအမှုကိစ္စသည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာတရား၊ အချုပ်အခြာအာဏာ၊ အကျိုးစီးပွားနှင့် သက်ဆိုင်သောကိစ္စရပ်များ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏အမှန်တရားအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်ပါကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)က သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံအတွက် တရားမျှတမှုနှင့် အမှန်တရားအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
