


၁၈.၁.၂၀၂၆
Written By Thandar
Cloud Seven Productions & Entertainment ရဲ့ အနုပညာရှင်တွေရဲ့ ကဏ္ဍတွေမိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၅ ရက် ညပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာဖျော်ဖြေခဲ့ရာမှာ သရုပ်ဆောင်သင်ဇာဝင့်ကျော်ရဲ့ သီဆိုဖျော်ဖြေမှုအပေါ် ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။
လက်တလောမှာတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဒီကပြမှုကို ဝေဖန်မှုတွေ မြင့်တက်နေတာလည်းဖြစ်သလို တချို့ကလည်း နားလည်မှုပေးထားသူတွေ လည်းရှိနေပါတယ်။ တချို့တွေကလည်း ဖမ်းဆီးခံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သင်ဇာဝင့်ကျော်ရဲ့ ကပြမှုကို ရုပ်ရှင်အစည်းအရုံးက ဝန်ခံကတိခေါ်ထိုးခိုင်းတယ်လို့ သိရပြီး ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းက မမှန်ဘူးလို့လည်း သိရပါတယ်။
” သင်ဇာ@သင်ဇာဝင့်ကျော်ရဲ့ ကပြဖျော်ဖြေမှုနဲ့ပတ်သက်ပြီးတော့ ဝေဖန်မှုတွေအတွက်တော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဝန်ခံကတိလေးထိုးရတယ်လို့ ကြားရပါတယ်။ တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ် “လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။
သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ဟာ မြန်မာအမျိုးသမီးတွေ စောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံတွေနဲ့ Video တွေကို လူမှုကွန်ရက်မှာ အခကြေးငွေရယူပြီး ဖြန့်ဝေလျက်ရှိတယ်ဆိုတဲ့ ဆွဲချက်နဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး တရားစွဲဆိုခံခဲ့ရဖူးတာလည်းဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း တရားရုံး၊ မရမ်းကုန်းမြိုနယ် တရားခွင်ကနေ ထောင်ဒဏ် ၅ နှစ်အမိန့် ချမှတ်ခံခဲ့ရသလို မော်ဒယ်လ် နန်းမွေစံကိုလည်း စစ်ခုံရုံးနဲ့ ထောင်ဒဏ် ၇ နှစ် အမိန့်ချခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်လွတ်ငြိမ်းမှာ သင်ဇာဝင့်ကျော်၊ ၂၀၂၆ ဇန်နဝါရီ ၄ ရက်လွတ်ငြိမ်းမှာ နန်းမွေစံတို့ ပြန်လွတ်ခဲ့ပြီဖြစ်ပါတယ်။
