
သက်တံ့
၁၈. ၁. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၊ တောင်ဆူလာဝေစီပြည်နယ်အတွင်းရှိ မြူနှင်းများဖုံးလွှမ်းနေသော တောင်စောင်းတစ်ခုတွင် ပျောက်ဆုံးနေသည့် ငါးလုပ်ငန်းစောင့်ကြည့်ရေးလေယာဉ်၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်ပေါ်ပါလာသူ ၁၀ ဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
အစောပိုင်းသတင်းထုတ်ပြန်ချက်များတွင် လေယာဉ်ပေါ်၌ လူ ၁၁ ဦး လိုက်ပါသွားသည်ဟု ဖော်ပြခဲ့သော်လည်း၊ နောက်ပိုင်းတွင် လေယာဉ်အဖွဲ့သား ၇ ဦးနှင့် ခရီးသည် ၃ ဦး၊ စုစုပေါင်း ၁၀ ဦးသာဖြစ်ကြောင်း အာဏာပိုင်များက စာရင်းဇယားကို ပြင်ဆင်ထုတ်ပြန်ခဲ့သည်။
လေယာဉ်ပေါ်ပါ ခရီးသည် ၃ ဦးစလုံးမှာ အင်ဒိုနီးရှား ရေလုပ်ငန်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ ဝန်ထမ်းများဖြစ်ကြပြီး ဝေဟင်မှ ငါးလုပ်ငန်းစောင့်ကြည့်ရေးတာဝန် ထမ်းဆောင်ရန် လေယာဉ်ကို ငှားရမ်းအသုံးပြုခဲ့ခြင်းဖြစ်သည်။
Indonesia Air Transport ပိုင် ATR 42-500 အမျိုးအစား လေယာဉ်သည် ဇန်နဝါရီ ၁၇ ရက် (စနေနေ့)၊ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ရော့ဂျာကာတာမြို့မှ တောင်ဆူလာဝေစီပြည်နယ်၏ မြို့တော် မာကတ်ဆာသို့ ပျံသန်းလာစဉ် မာရို့စ် (Maros) ဒေသ၌ အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
တောင်ဆူလာဝေစီ ကယ်ဆယ်ရေးအေဂျင်စီမှ တာဝန်ရှိသူ အန်ဒီ ဆူလ်တန် (Andi Sultan) ၏ ပြောကြားချက်အရ တနင်္ဂနွေနေ့ နံနက် ၇ နာရီ ၄၆ မိနစ်ခန့်တွင် ဘူလူစာရောင်း (Mount Bulusaraung) တောင်တန်းဒေသ၌ လေယာဉ်ပြတင်းပေါက် အပျက်အစီးများကို ရဟတ်ယာဉ်ဖြင့် စတင်ခြေရာခံမိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် လေယာဉ်ကိုယ်ထည်နှင့် အမြီးပိုင်း အစိတ်အပိုင်းများကိုလည်း အနီးနားတွင် ထပ်မံတွေ့ရှိခဲ့သည်။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ကယ်ဆယ်ရေးအဖွဲ့များသည် တောင်ထိပ်နှင့် မီတာ ၂၀၀ ခန့်အကွာရှိ ချောက်ကမ်းပါးအတွင်းမှ သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ ကျန်ရှိနေသည့် လူ ၉ ဦး၏ အခြေအနေကိုမူ လက်ရှိအချိန်အထိ မသိရှိရသေးဘဲ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်ဖြင့် ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။
အင်ဒိုနီးရှား အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံမှုကော်မတီ (KNKT) ၏ အစောပိုင်းသုံးသပ်ချက်အရ ဤဖြစ်စဉ်သည် လေယာဉ်မောင်းသူက ထိန်းချုပ်နိုင်စွမ်းရှိသော်လည်း မြေမျက်နှာသွင်ပြင်နှင့် မတော်တဆ တိုက်မိခြင်း (Controlled flight into terrain) ဖြစ်နိုင်ကြောင်း သိရသည်။ လေယာဉ်ပျက်ကျရသည့် အသေးစိတ်အကြောင်းရင်းကို စုံစမ်းစစ်ဆေးသူများက ဆက်လက်ဖော်ထုတ်နေဆဲ ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ယခုကဲ့သို့ ATR 42 လေယာဉ် အမျိုးအစား လူသေဆုံးမှုဖြစ်ပွားသည့် မတော်တဆမှုမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်သည်။
Ref: SCMP, Reuters & AP
