၁၆.၁.၂၀၂၆
Written by Thiri
ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင်၊ လယောင်မြို့နယ်ရှိ စည်ပင်ဌာနမှ အမှိုက်သိမ်းယာဉ်မှာ ညဆိုင်းအလုပ်လုပ်နေရင်း အမှိုက်ကားထဲကို အမှိုက်တွေထည့်နေစဉ် အနောက်မှ ယာဉ်တစ်စီးက အရှိန်ပြင်းထန်စွာဝင်တိုက်လို့ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ပြီး သေဆုံးသွားခဲ့ရတဲ့ ကိုမောင်မောင်ရဲ့ နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ တစ်သန်းရရှိမှာဖြစ်ကာ လာမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ မိသားစုက လာရောက်ထုတ်ယူခွင့်ရမှာ ဖြစ်တယ်လို့ အလုပ်သမား မဟာမိတ်အဖွဲ့ WAG ထံကနေ သိရပါတယ်။



အဲဒီဖြစ်စဉ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ သေဆုံးသူ ကိုမောင်မောင်က မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျောက်ကြီးစု၊ စီမံကိန်း (၅)လမ်းမှာ နေထိုင်ခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သား၊ သမီး နှစ်ဦး ကျန်ရစ်တယ်လို့ သိရပါတယ်။
၎င်းရဲ့မိသားစုဝင်တွေက ထိုင်းနိုင်ငံဥပဒေရဲ့ သေမှုသေခင်းနဲ့ပတ်သက်ပြီး နားမလည်တာကြောင့် WAG အဖွဲ့ထံအကူအညီတောင်းခံထားလို့ သေဆုံးသူရဲ့ နစ်နာဆုံးရှုံးမှုအတွက် ရသင့်ရထိုက်တဲ့ နစ်နာကြေးပြန်လည်ရရှိဖို့ မနေ့က ဇန်နဝါရီလ ၁၅ ရက်နေ့က လယောင်မြို့နယ်ရဲစခန်းမှာ သေဆုံးသူရဲ့ ဇနီးကို ဝင်တိုက်မိတဲ့ကားပိုင်ရှင် ထိုင်းလူမျိုးတို့နဲ့ တွေ့ဆုံကာညှိနှိုင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ညှိနှိုင်းမှုအရ မော်တော်ကားပကန်စခွန် (အာမခံလျော်ကြေး) ဘတ် ငါးသိန်းနဲ့ မော်တော်ကားထော်လော်ဘော်(နစ်နာကြေး) ဘတ် ငါးသိန်း ရရှိမယ်လို့ ညှိနှိုင်းအဆင်ပြေခဲ့ကြောင်း သိရပါတယ်။
အဆိုပါ နစ်နာကြေးကို လာမယ့် ဇန်နဝါရီ ၁၉ ရက်နေ့မှာ မြို့နယ် ပကန်စန်ခွန်ရုံး(လူမှုဖူလုံရေးရုံး) မှာ သွားရောက်ထုတ်ယူရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
