MT News
၁၅. ၁. ၂၀၂၆
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်စေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ် မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် မော်တော်ယာဉ်များအား ဖျက်ဆီး၍ လမ်းမကြီးများအား ပိတ်ဆို့ထားခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိရာ ယခုလည်း ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ PDF များက ကုန်တင် မော်တော်ယာဉ် တစ်စီးအား ဖျက်ဆီး၍ ကားလမ်းမကြီးအား နှောင့်ယှက်ပိတ်ဆို့ခဲ့မှု ယမန်နေ့က ကျူးလွန်ခဲ့သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက် နံနက် ၃ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ကုန်တင်မော်တော်ယာဉ်တစ်စီးအား ကန့်လန့်ဖြတ်ပိတ်ရပ်ထားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁ နာရီတွင် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ တပင်ရွှေထီးရပ်ကွက်နေ ဦးစန်းလွင်ဦး(၅၃)နှစ်သည် ဇနီးဖြစ်သူ ဒေါ်လှလှဝင်း (၃၃)နှစ်၊ သားဖြစ်သူ မောင်အောင်မင်းခန့်(၁၃)နှစ်တို့နှင့်အတူ ရန်ကုန်မြို့မှ မန္တလေးမြို့ဘက်သို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ၂၂ ဘီး ကုန်တင်မော်တော်ယာဉ်အား မောင်းနှင်လာစဉ် ပိန်းဇလုပ်မြို့ဝင်/ထွက်တိုးဂိတ် အရှေ့တောင်ဘက် ခြောက်ဖာလုံခန့်အကွာ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၉၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားအရောက်၌ PDF ခုနစ်ဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ လမ်းမပေါ်၌ ကန့်လန့်ဖြတ်ရပ်ခိုင်းထားပြီး မော်တော်ယာဉ်၏ လေပိုက်ကြိုးများအား ဖျက်ဆီး၍ လမ်းအရှေ့ဘက်ရှိ လယ်ကွင်းဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် နံနက် ၈ နာရီတွင် လမ်းပိတ်ဆို့ထားမှုအား ဖယ်ရှားရှင်းလင်းခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် မော်တော်ယာဉ် တစ်စီးအား ဖျက်ဆီး၍ လမ်းမကြီးများအား နှောင့်ယှက်ပိတ်ဆို့ထားခဲ့သည့် PDF များအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
