သတိုး
၁၆. ၁. ၂၀၂၆
အိမ်ဖြူတော်တွင် ကြာသပတေးနေ့ (ဇန်နဝါရီ ၁၅ ရက်) က ပြုလုပ်သည့် တွေ့ဆုံမှုအတွင်း ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် သူမ၏ ၂၀၂၅ ခုနှစ်အတွင်းက ရရှိခဲ့သော နိုဘယ်လ်ငြိမ်းချမ်းရေးဆု တံဆိပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ထံ ပေးအပ်ခဲ့သည်။
ထရမ့်ပ်သည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လိုချင်တောင့်တနေခဲ့သော်လည်း မာချာဒိုကသာ ဆုရရှိသွားခဲ့ခြင်း ဖြစ်သည်။ မာချာဒိုသည် ယခုကဲ့သို့ ဆုတံဆိပ်ပေးအပ်မှုကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချကာ ဗင်နီဇွဲလား၏ နိုင်ငံရေးအနာဂတ်အပေါ် ထရမ့်ပ်၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးနိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆုတံဆိပ်ကို မိမိထံတွင်ပင် ဆက်လက်သိမ်းဆည်းထားရန် ထရမ့်ပ်က စီစဉ်ထားကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့သည်။
ထို့နောက် ထရမ့်ပ်က လူမှုကွန်ရက်တွင် “မာရီယာက ကျွန်တော်လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေအတွက် သူမရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ကျွန်တော့်ကို ပေးအပ်ခဲ့ပါတယ်။ အပြန်အလှန် လေးစားမှုရှိတဲ့ အလွန်ကြင်နာတဲ့ လုပ်ရပ်တစ်ခုပါပဲ။ ကျေးဇူးတင်ပါတယ် မာရီယာ!” ဟု ရေးသားခဲ့သည်။
မာချာဒိုကလည်း ဤတွေ့ဆုံမှုမှာ “ထူးကဲကောင်းမွန်သည်” ဟု ဖော်ပြခဲ့ပြီး ဤလက်ဆောင်မှာ ဗင်နီဇွဲလား လွတ်လပ်မှုအတွက် ထရမ့်ပ်၏ ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ဤလုပ်ရပ်သည် ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုနှင့် ဇနီးကို ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်တပ်ဖွဲ့များက ဖမ်းဆီး၍ ရာထူးမှ ဖယ်ရှားပြီးနောက် မာဒူရို၏ နေရာတွင် မာချာဒိုကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ရန် ထရမ့်ပ်က ငြင်းဆိုထားချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
မာချာဒို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက နိုဘယ်လ်ဆုမရရှိမီကပင် ထရမ့်ပ်သည် ၎င်းကိုယ်တိုင် ထိုဆုရရှိရန် လူသိရှင်ကြား စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ဖူးသည်။
မာချာဒိုက နိုဘယ်လ်ဆုရှင်များကို ပေးအပ်လေ့ရှိသည့် ရွှေတံဆိပ်ကို ထရမ့်ပ်အား ပေးအပ်ခဲ့သော်လည်း ဆု၏ပိုင်ရှင်မှာ သူမသာ ဖြစ်နေဆဲဖြစ်သည်။ နော်ဝေနိုဘယ်လ်ကော်မတီကမူ အဆိုပါဆုကို တစ်ဆင့်လွှဲပြောင်းပေးခြင်း သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်း ပြုလုပ်၍မရကြောင်း အတည်ပြုထားသည်။
မာချာဒိုက သူ့ကို ဆုပေးစေချင်၍လားဟု Reuters က မေးမြန်းရာတွင် ထရမ့်ပ်က “မဟုတ်ပါဘူး၊ ကျွန်တော် အဲဒီလို မပြောခဲ့ပါဘူး။ သူမက နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရထားတာပါ” ဟု ထရမ့်ပ်က နိုဘယ်လ်ဆုကို သူတောင်းခံခြင်းမဟုတ်ဘဲ မာချာဒိုက ပေးခြင်းသာဖြစ်ကြောင်း ပါးနပ်စွာ ပြန်လည်ဖြေကြားခဲ့သည်။
သို့သော် ထရမ့်ပ်သည် ၎င်း၏ ငြိမ်းချမ်းရေးဆိုင်ရာ အောင်မြင်မှုများကြောင့် ဤဆုကို ရလိုကြောင်း ကာလရှည်ကတည်းက ပြောဆိုခဲ့ဖူးသည်။
တစ်နာရီကျော်ကြာမြင့်သည့် နေ့လယ်စာစားပွဲမှာ ၎င်းတို့နှစ်ဦး လူချင်းပထမဆုံးတွေ့ဆုံမှုဖြစ်သည်။ တွေ့ဆုံမှုအပြီးတွင် မာချာဒိုသည် လွှတ်တော်သို့သွားရောက်ကာ ရီပတ်ဘလီကင်နှင့် ဒီမိုကရက်တစ် အမတ်အယောက် ၂၀ ခန့်နှင့် တွေ့ဆုံခဲ့ရာ ထိုနေရာတွင် ပိုမိုနွေးထွေးသော ကြိုဆိုမှုကို ရရှိခဲ့သည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ် (Karoline Leavitt) က ထရမ့်ပ်သည် မာချာဒိုနှင့် တွေ့ဆုံရန် စိတ်အားထက်သန်ခဲ့သော်လည်း၊ သူမတွင် လက်ရှိအချိန် ဗင်နီဇွဲလားကို ဦးဆောင်ရန် လုံလောက်သော ထောက်ခံမှုမရှိသေးဟု ယူဆသည့် “လက်တွေ့ကျသော” ရပ်တည်ချက်ကိုသာ ဆက်လက်ဆုပ်ကိုင်ထားကြောင်း ပြောကြားခဲ့သည်။
ဒီဇင်ဘာလအတွင်းက ဗင်နီဇွဲလားမှ ပင်လယ်ရေကြောင်းဖြင့် ထွက်ပြေးလာခဲ့သည့် မာချာဒိုသည် ဗင်နီဇွဲလား အစိုးရအဖွဲ့မှ ပုဂ္ဂိုလ်များနှင့်အပြိုင် ထရမ့်ပ်၏ အာရုံစိုက်မှုကို ရရှိရန်နှင့် အနာဂတ်ခေါင်းဆောင်မှုတွင် နေရာရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ယခုလအစောပိုင်းတွင် မာဒူရိုကို အမေရိကန်က ဖမ်းဆီးလိုက်ပြီးနောက် ဗင်နီဇွဲလားသည် ဒီမိုကရေစီသို့ ဦးတည်သွားနိုင်မည့်အပေါ် အတိုက်အခံများနှင့် နိုင်ငံတကာက မျှော်လင့်ချက်များ ရှိနေကြသည်။
မာချာဒိုနှင့် တွေ့ဆုံခဲ့သည့် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ်မာဖီ (Chris Murphy) က မာချာဒို၏ ပြောကြားချက်အရ ယာယီသမ္မတ ဒယ်လ်စီ ရော့ဒရီဂွက်ဇ် (Delcy Rodríguez) လက်ထက် နှိပ်ကွပ်မှုများသည် မာဒူရိုလက်ထက်ကနှင့် မခြားနားကြောင်း ဆိုသည်။ ရော့ဒရီဂွက်ဇ်သည် ထရမ့်ပ်၏ ထောက်ခံမှုဖြင့် အာဏာပိုမိုခိုင်မာလာနေသည့် “ကျွမ်းကျင်သော နိုင်ငံရေးသမား” တစ်ဦးဖြစ်သည်ဟု သူက ဖော်ပြခဲ့သည်။
”ရွေးကောက်ပွဲတွေ ဖြစ်လာဖို့ မျှော်လင့်ပေမယ့် ကျွန်တော် သံသယတော့ ရှိတယ်” ဟု မာဖီက ဆိုသည်။
ထရမ့်ပ်ကမူ သူ၏ အဓိကဦးတည်ချက်မှာ ဗင်နီဇွဲလား၏ ရေနံအရင်းအမြစ်များကို ရရှိရန်နှင့် စီးပွားရေး ပြန်လည်တည်ဆောက်ရန်ဖြစ်ကြောင်း ပြောကြားထားသည်။
ထို့ပြင် မာဒူရို ဖမ်းဆီးခံရပြီးနောက် ဗင်နီဇွဲလားခေါင်းဆောင် ဖြစ်လာသူ ရော့ဒရီဂွက်ဇ်ကိုလည်း ထရမ့်ပ်က ချီးမွမ်းပြောဆိုခဲ့ပြီး “သူမက ဆက်ဆံရတာ အလွန်ကောင်းမွန်သူပါ” ဟု မှတ်ချက်ပြုခဲ့သည်။
မာချာဒိုသည် မာဒူရိုအလိုကျ တရားရုံး၏ ပိတ်ပင်မှုကြောင့် ၂၀၂၄ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မရခဲ့ပေ။ လေ့လာစောင့်ကြည့်သူများကမူ မာချာဒို ကျောထောက်နောက်ခံပေးထားသည့် အက်ဒ်မွန်ဒို ဂွန်ဇာလက်ဇ် (Edmundo González) က အမှန်တကယ် အပြတ်အသတ် အနိုင်ရခဲ့သည်ဟု ယူဆထားကြသော်လည်း မာဒူရိုကသာ အောင်ပွဲခံ၍ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားခဲ့ခြင်းဖြစ်သည်။
ဗင်နီဇွဲလား အစိုးရက နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးခဲ့သည်ဟု ဆိုသော်လည်း အမှန်တကယ် လွတ်မြောက်လာသည့် အရေအတွက်မှာ အစိုးရက ထုတ်ပြန်သလောက် မများပြားကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြထားကြသည်။
ရော့ဒရီဂွက်ဇ်ကမူ သူမ၏ နှစ်ပတ်လည်မိန့်ခွန်းတွင် အမေရိကန်နှင့် သံတမန်ရေးအရ ဆက်ဆံရန် တိုက်တွန်းခဲ့ပြီး ဝါရှင်တန်သို့ သွားရောက်ရန်လိုအပ်ပါက မိမိခြေထောက်ပေါ် မိမိရပ်၍ ဂုဏ်သိက္ခာရှိစွာ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာနိုင်ရန် ရေနံကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကိုလည်း သူမက အဆိုပြုခဲ့သည်။
Ref, Reuters , Via The Nation Thailand
