




၁၅.၁.၂၀၂၅
Photo by Thiri
လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက လမ်းမတော်မြို့နယ်ပါဝင်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်မျိုးလင်းက ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ လမ်းမတော်မြို့နယ်၊ မော်တင် ယာယီဈေးရပ်ကွက်ရှိဆိပ်ကမ်း ကုန်တင်ကုန်ချကာယ လုပ်သားတွေနဲ့ ဝန်ထမ်း မိသားစုတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဦးဇော်မျိုးလင်းက ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခြင်းက မိမိတို့ပြည်သူတွေရဲ့ အခွင့်အရေးတစ်ရပ်ဖြစ်တာမို့ ဒီအခွင့်အရေးကို မိမိရရ အသုံးချဖို့ပြည်သူတွေကို ပြောပြစည်းရုံးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မိမိတို့ဆီက မဲကိုလာရောက်တောင်းခံတဲ့ ရွေးကောက်ခံကိုယ်စားလှယ်ကို အရည်အချင်း၊ အကျင့်စာရိတ္တအထိ အချိန်တိုအတွင်းခန့်မှန်းသိရှိနိုင်ဖို့ မလွယ်ကူပေမယ့် ပါတီရဲ့ မူဝါဒတွေကိုတော့ ကိုယ်စားလှယ်လောင်းက ပြည်သူထံကမ်းတဲ့ လက်ကမ်းစာစောင်မှာ ဖတ်ရှု့လေ့လာနိုင်ကြောင်းနဲ့ ပြည်သူအနေနဲ့ မိမိတို့ မဲပေးပါက ကိုယ်စားလှယ်လောင်းအနေနဲ့ လွှတ်တော်ထဲ ရောက်ရှိရင် ဘာတွေ အကျိုးပြု လုပ်ဆောင်ပါမယ်ဆိုတဲ့ ကတိကဝတ်တွေကိုလည်း မှတ်သားကာ တာဝန်ထမ်းဆောင်စေခိုင်းနိုင်ကြောင်း စသဖြင့် မဲဆန္ဒရှင် ပြည်သူတွေကို ရှင်းပြခဲ့ပါတယ်။





ပြည်သူတွေကလည်း ကုန်ဈေးနှုန်းကျအောင်သာ လုပ်ဆောင်ပေးဖို့နဲ့ ဒီကာလအတွင်း နှစ်ဆမက တက်သွားတဲ့ သူတို့ နေထိုင်စရိတ်စက နဲ့ စားဝတ်နေရေးအဆင်မပြေတာတွေကို ပြောပြကြပြီး ရွေးကောက်ပွဲက ဒါတွေကိုအဆင်ပြေသွားစေမယ်ဆိုပါက မဲပေးကြမှာဖြစ်ကြောင်းကိုလည်း ကိုယ်စားလှယ်လောင်း ဦးဇော်မျိုးလင်းနဲ့ အပြန်အလှန်ပြောဆိုကြပါတယ်။
မော်တင်ယာယီဈေးကွက်ဟာ နေထိုင်သူမဲဆန္ဒရှင်ပြည်သူ ၃၀၀ နဲ့ ၅၀၀ကြားသာရှိပြီး အဲ့ဒီအထဲက တချို့ကလည်း ဧည့်စာရင်းနဲ့နေထိုင်သူတွေဖြစ်ပါတယ်။
ကာယလုပ်သားနဲ့ လက်လုပ် လက်စားအများစု နေထိုင်တာမို့ ပထမအကြိမ် အဆိုပါရပ်ကွက်ကို ဦးဇော်မျိုးလင်း ဝင်ရောက်ခဲ့စဉ်က အခြေခံကျန်းမာရေး စောင့်ရှောက်မှုတချို့လည်း လိုအပ်နေတာကို တွေ့မြင်ခဲ့ရတဲ့အတွက် ဒီကနေ့ ဒုတိယအခေါက်ပြန်လည်ဝင်ရောက်စဉ်မှာ ကာယလုပ်သားတွေရဲ့ ကျန်းမာရေး အထွေထွေ စောင့်ရှောက်မှုတချို့ကို လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း ၃ မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၇ မြို့နယ်က ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ရန်ကုန်၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)နဲ့ လှိုင်သာယာ(အရှေ့ပိုင်း) တို့ဖြစ်ပါတယ်။
လမ်းမတော်မြို့နယ်မှာ ရပ်ကွက် (၁၃) ရပ်ကွက်ရှိပြီး ဆန္ဒမဲမေးပိုင်ခွင့်ရှိတဲ့ လူဦးရေက နှစ်သောင်း ငါးထောင်ကျော်ရှိတယ်လို့လည်း သိရပါတယ်။
