၁၅.၁.၂၀၂၆
Written By Thandar
“၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး”ကို ဖေဖော်ဝါရီ ၇ ရက်မှာ ကျင်းပမှာဖြစ်ပြီး ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေ ညီအစ်ကိုမောင်နှမတွေအနေနဲ့ ပွဲမကျင်းပမီ ညနေ ၄ နာရီအချိန် ကျင်းပရာ နေပြည်တော် မြန်မာအပြည်အပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁) (MICC-1) ခန်းမထဲရောက်ရှိဖို့အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကပန်ကြားလာပါတယ်။
“အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီး ခမ်းခမ်းနားနား လှလှပပ စည်းကမ်းတကျဖြစ်စေဖို့အတွက် ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင် ညီအစ်ကို မောင်နှမမိသားစုတွေအနေနဲ့ ညနေ ၄ နာရီ အချိန်မှာ စတင်ပြီးတော့ ခန်းမအတွင်းကိုရောက်ပေးဖို့ ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်။ အနုပညာရှင် အတတ်ပညာရှင်တွေကို တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်တွေနဲ့ အချင်းချင်းတွေ့ဆုံ စကားပြောချိန်တွေ၊ စားသောက်ကြတာကို အေးအေး ဆေးဆေး လုပ်ဆောင်နိုင်ဖို့အတွက် ညနေ ၄ နာရီ ရောက်ရှိဖို့ နှိုးဆော်ထားတာပါ။ အကယ်ဒမီပေးပွဲကိုတော့ အချိန် ၅ နာရီခွဲနောက်ဆုံးထားပြီး သတင်းအတွက် မေးမြန်းမှုတွေလည်းရပ်ဆိုင်းဖို့နဲ့ Fashion Award ဆုအတွက်လည်း ညနေ ၅ နာရီခွဲနောက်ဆုံးသတ်မှတ်ထားပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။
အကယ်ဒမီ Fashion Award ဆုအတွက်ကိုလည်း ညနေ ၅ နာရီခွဲအထိသာ ကြည့်ရှုအကဲဖြတ်မှာဖြစ်ပြီး ခန်းမအတွင်းကို ဝင်ရောက်ခွင့်ကိုလည်း ညနေ ၅ နာရီခွဲအထိသာ နောက်ဆုံးထားဝင်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ သတင်းယူကြမယ့် သတင်းအဖွဲ့တွေအနေနဲ့ကလည်း ညနေ ၅ နာရီခွဲမှာ တွေ့ဆုံမေးမြန်းခြင်းတွေကို အဆုံးသတ်ပေးကြဖို့ အထူးမေတ္တာရပ်ခံထားတာလည်းဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် စည်းကမ်းလိုက်နာခြင်းနဲ့ မြန်မာ့ရုပ်ရှင်လောကနဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဂုဏ်သိက္ခာကို မြှင့်တင်ကြဖို့ ပန်ကြားထားတာလည်းဖြစ်ပါတယ်။
#ဦးအေးကြူလေး #UAyeKyuLay #2025MyanmarAcademy #Academy #မြန်မာ့ရုပ်ရှင်ထူးချွန်ဆု #၂၀၂၅ခုနှစ်မြန်မာ့ရုပ်ရှင်အကယ်ဒမီ #ရုပ်ရှင်လောကသားများ #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးပန်ကြား









