သက်တံ့
၁၅. ၁. ၂၀၂၆
ထိုင်းနိုင်ငံ နာခွန်ရတ်ချာစီးမားပြည်နယ် ရထားလမ်းစီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဇန်နဝါရီ ၁၄ ရက်က ဖြစ်ပွားသည့် လုံခြုံရေးမတော်တဆမှုကြောင့် သေဆုံးသူ ၃၂ ဦး၊ ဒဏ်ရာရသူ ၆၆ ဦး၊ အခြားပျောက်ဆုံးသူ ၃ ဦး ရှိပြီဖြစ်ကြောင်း ယင်းပြည်နယ် သတင်းအရ သိရပြီး ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
အချင်းဖြစ်ပွားမှုနှင့်သက်ဆိုင်သည့် Italian-Thai Development PLC က ကြေညာချက်ထုတ်ပြန်ရာတွင် အချင်းဖြစ်ပွားမှုအား တာဝန်ယူဆောင်ရွက်သွားလိုကြောင်း၊ ကူညီကယ်ဆယ်ရေးနှင့် လျော်ကြေးပေးအပ်ရာတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အချင်းဖြစ်ပွားမှုတွင် တရုတ်နိုင်ငံသားများနှင့်စပ်လျဉ်းသော သေဆုံးဒဏ်ရာရမှုအခြေအနေကို မတွေ့ရှိရသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယင်းနေ့တွင်ပင် စိစစ်အတည်ပြုခဲ့သည်။ သံရုံးအနေဖြင့် အချင်းဖြစ်ပွားမှုကြောင့် လူသေဆုံးဒဏ်ရာမှုဖြစ်ပွားခြင်းအပေါ် အထူးဝမ်းနည်းနှစ်သိမ့်အားပေးကြောင်းနှင့် သက်ဆိုင်ရာ အသေးစိတ်အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်သည် ယမန်နေ့ ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့တော်ဘန်ကောက်၏ အရှေ့မြောက်ဘက်ရှိ နခွန်ရက်ချာစီးမားတွင် အမြန်ရထားကွန်ရက် တည်ဆောက်ရေး၌ အသုံးပြုနေသော ကရိန်းတစ်ခုသည် ဖြတ်သန်းမောင်းနှင်နေသော ခရီးသည်တင်ရထားပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။
အဆိုပါရထားသည် ဘန်ကောက်မြို့မှ ဥဘုန် ရက်ချဌာနီခရိုင်သို့ ဦးတည်မောင်းနှင်နေခြင်းဖြစ်ကြောင်း သိရသည်။ ပို့ဆောင်ရေးဝန်ကြီး ဖီဖတ် ရတ်ချကစ်ပရာကန်းက ရထားပေါ်တွင် ခရီးသည် ၁၉၅ ဦး လိုက်ပါလာပြီး အာဏာပိုင်များအနေဖြင့် သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ရန် ကြိုးပမ်းနေကြသည်ဟု ဆိုသည်။ ရထားတွဲများအတွင်း ပိတ်မိနေသူများ ကယ်ထုတ်နေဆဲဖြစ်သဖြင့် သေဆုံးဒဏ်ရာရသူစာရင်းလည်း ထပ်မံမြင့်တက်လာဖွယ်ရှိနေသည်။
ပြိုကျခဲ့သော အဆိုပါကရိန်းသည် ထိုင်းနိုင်ငံရှိ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလျံတန်ဖိုးရှိ အမြန်ရထားလမ်းစီမံကိန်းတွင် အသုံးပြုနေခြင်းဖြစ်သည်။ ယင်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ “ပိုးလမ်းမစီမံကိန်း (Belt and Road Initiative)”၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် ဘန်ကောက်မှ လာအိုနိုင်ငံကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံ ကူမင်းမြို့အထိ ချိတ်ဆက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုအားနည်းခြင်းကြောင့် ထိုင်းနိုင်ငံတွင် စက်မှုဇုန်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှုများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
Ref :Xinhua & AFP




