သက်တံ့
၁၅. ၁. ၂၀၂၆
ယနေ့ ဇန်နဝါရီလ ၁၅ ရက် (ကြာသပတေးနေ့) နံနက်ပိုင်းက ထိုင်းနိုင်ငံ စမွတ်စခွန်ပြည်နယ်အတွင်းရှိ ရာမ (၂) အဝေးပြေးလမ်းမပေါ်တွင် ဆောက်လုပ်ရေးသုံး ကရိန်းတစ်ခု ပြိုကျခဲ့ရာမှ လူ ၂ ဦး သေဆုံးပြီး အခြားသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့ ကြာသပတေးနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ဝန်းကျင်က ရာမ (၂) လမ်းမ၊ ဘန်ကောက်မြို့မှ အထွက်လမ်းပိုင်း၊ သာချင်မြစ်ကူးတံတား မရောက်မီနေရာတွင် ဖြစ်ပွားခဲ့ကာ မူလသတင်းပေးပို့ချက်များအရ လူ ၂ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး အခြားသူအချို့လည်း ဒဏ်ရာရရှိခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး အာဏာပိုင်များက နယ်မြေကို ပိတ်ဆို့ကာ ထိခိုက်ပျက်စီးမှုများကို စစ်ဆေးခြင်းနှင့် ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ခြင်းများ စတင်ပြုလုပ်နေသည်။ ကရိန်းပြိုကျရသည့် အကြောင်းရင်းကိုမူ ချက်ချင်း မသိရသေးပေ။
အာဏာပိုင်များ၏ ပြောကြားချက်အရ သေဆုံးသူအရေအတွက်ကို အတည်ပြုထားသော်လည်း အသေးစိတ် အချက်အလက်များကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကာ သတင်းအချက်အလက်အသစ်များ ရရှိသည်နှင့်အမျှ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မတော်တဆမှုကြောင့် ရာမ (၂) လမ်းမပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး ခရီးသွားပြည်သူများအနေဖြင့် အခြားလမ်းကြောင်းများမှ လွှဲပြောင်းမောင်းနှင်ကြရန်လည်း သက်ဆိုင်ရာက တိုက်တွန်းထားသည်။
ရာမ (၂) လမ်းမကြီးသည် အဝေးပြေးလမ်းမစီမံကိန်းများကြောင့် မကြာခဏဆိုသလို မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည့် လမ်းပိုင်းတစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံတွင် လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်များ မကြာခဏပြိုကျနေပြီး ယမန်နေ့ကလည်း BRI စီမံကိန်းအတွက် တရုတ်အကူအညီဖြင့် အီတာလျံ-ထိုင်း ကုမ္ပဏီက တည်ဆောက်နေသည့် ထိုင်းနိုင်ငံ ရထားလမ်းလုပ်ငန်းခွင်တွင် ကရိန်းပြိုကျပြီး သွားလာနေရသည့် ခရီးသည်တင်ရထားပေါ် ပြုတ်ကျသည့် မတော်တဆမှုကြောင့် သေဆုံးသူ အနည်းဆုံး ၃၂ ဦးရှိပြီး ဒဏ်ရာရသူ ၆၆ ဦးထက်မနည်းရှိသည့် ဆိုးရွားလှသော ဖြစ်စဥ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။
Ref: Khaosod & Photo Credit




