သက်တံ့
၁၃. ၁. ၂၀၂၆
တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးနေသော ထောက်လှမ်းရေးအရာရှိတစ်ဦးထံ အမရိကန်စစ်ဘက်ဆိုင်ရာသင်္ဘောများ၏ နည်းပညာနှင့် လုပ်ငန်းဆောင်ရွက်မှုလက်စွဲစာအုပ်များ၊ စနစ်များကို ရောင်းချမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော အမေရိကန်ရေတပ်သားဟောင်းတစ်ဦးအား တနင်္လာနေ့တွင် ထောင်ဒဏ် (၁၆) နှစ်ကျော် ချမှတ်လိုက်ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
ဆန်ဒီယေဂိုမြို့ရှိ ဖက်ဒရယ်တရားသူကြီးက ဂျင်ချောင်ဝေ (၂၅ နှစ်- တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသား) ကို ထောင်ဒဏ် လပေါင်း ၂၀၀ (၁၆ နှစ်နှင့် ၈ လ) ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဂျင်ချောင်ဝေသည် သူလျှိုလုပ်မှု အပါအဝင် ပြစ်မှု ၆ ခုဖြင့် ပြီးခဲ့သည့် သြဂုတ်လတွင် ပြစ်မှုထင်ရှားကြောင်း ဂျူရီလူကြီးများက ဆုံးဖြတ်ခဲ့သည်။ ၎င်းသည် ရောင်းချခဲ့သော သတင်းအချက်အလက်များအတွက် အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ကျော် ရရှိခဲ့ကြောင်း အမေရိကန် တရားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုန်းရေပြင်နှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘော USS Essex တွင် အင်ဂျင်နီယာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဝေသည် တရုတ်နိုင်ငံသို့ ထိခိုက်လွယ်သော စစ်ဘက်ဆိုင်ရာ အချက်အလက်များ ပေးပို့မှုဖြင့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသည့် ကယ်လီဖိုးနီးယားအခြေစိုက် ရေတပ်သားနှစ်ဦးအနက် တစ်ဦးဖြစ်သည်။ အခြားတစ်ဦးဖြစ်သူ ဝမ်ဟိန်းကျောက် (Wenheng Zhao – တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသား) မှာမူ ပူးပေါင်းကြံစည်မှုနှင့် ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ကာ လာဘ်ငွေယူမှုတို့ဖြင့် ၂၀၂၄ ခုနှစ်တွင် ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်ခံခဲ့ရပြီးဖြစ်သည်။
တရုတ်အစိုးရ၏ သူလျှိုလုပ်မှု ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ အမေရိကန်အရာရှိများက နှစ်ပေါင်းများစွာ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။ မကြာသေးမီနှစ်များအတွင်း ဟက်ကာများမှတစ်ဆင့် အစိုးရနှင့် ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များကို ခိုးယူခဲ့သည့် ပေကျင်းထောက်လှမ်းရေး အေးဂျင့်များကိုလည်း အမေရိကန်က ရာဇဝတ်မှုဖြင့် အရေးယူမှုများ ပြုလုပ်ခဲ့သည်။

အစိုးရရှေ့နေများ၏ ပြောကြားချက်အရ ဝေကို ၂၀၂၂ ခုနှစ်တွင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တရုတ်အစိုးရပိုင် သင်္ဘောကျင်းလုပ်ငန်းစုတွင် အလုပ်လုပ်နေသော ရေတပ်ဝါသနာရှင်တစ်ဦးအဖြစ် ဟန်ဆောင်ထားသည့် ထောက်လှမ်းရေးအရာရှိက စည်းရုံးခဲ့ခြင်းဖြစ်သည်။
တရားရုံးတွင် တင်ပြခဲ့သည့် သက်သေများအရ ဝေသည် ၎င်း၏သူငယ်ချင်းတစ်ဦးကို ထိုလူသည် “အလွန်သံသယဖြစ်ဖွယ်ကောင်းကြောင်း” နှင့် “သိသာထင်ရှားသည့် သူလျှိုလုပ်ငန်း” ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ရန် သူငယ်ချင်းဖြစ်သူ၏ အကြံပေးချက်ကို ဝေက လျစ်လျူရှုခဲ့ပြီး ပိုမိုလုံခြုံသည်ဟု ယူဆရသည့် အခြားစာပို့ App (Encrypted app) တစ်ခုသို့ ပြောင်းလဲကာ ဆက်သွယ်ခဲ့ကြောင်း ရှေ့နေများက ဆိုသည်။
၁၈ လတာကာလအတွင်း ဝေသည် USS Essex သင်္ဘော၏ ဓာတ်ပုံနှင့် ဗီဒီယိုများ၊ အမေရိကန်ရေတပ်သင်္ဘောအမျိုးမျိုး၏ တည်နေရာများနှင့် သင်္ဘောပေါ်ရှိ ကာကွယ်ရေးလက်နက်များအကြောင်းကို ထိုအရာရှိထံ ပေးပို့ခဲ့သည်။
ထို့အပြင် လက်နက်ထိန်းချုပ်မှုစနစ်၊ လေယာဉ်နှင့် ကုန်းပတ်ပေါ်ရှိ ဓာတ်လှေကားများ (deck elevators) ဆိုင်ရာ လက်စွဲစာအုပ်များအပါအဝင် နည်းပညာနှင့် လုပ်ငန်းဆောင်ရွက်မှုလက်စွဲစာအုပ် (၆၀) ကို ရောင်းချခဲ့သည်။ ထိုလက်စွဲစာအုပ်များတွင် “ပြည်ပသို့ တင်ပို့ခြင်းမပြုရ” ဟူသော သတိပေးချက်များပါဝင်ပြီး USS Essex နှင့် အလားတူသင်္ဘောများ၏ စနစ်များကို အသေးစိတ် ဖော်ပြထားသည်။
ဝေသည် ရေတပ်တွင် Petty Officer Second Class အဆင့်ရှိသူဖြစ်သည်။ USS Essex သင်္ဘောသည် လေကြောင်းနှင့် ရေကုန်းရေပြင်နှစ်သွယ် တိုက်ခိုက်မှုများအတွင်း မရိန်းတပ်သား ၂,၀၀၀ ကျော်ကို သယ်ယူပို့ဆောင်ရေးနှင့် အထောက်အကူပြုရေးအတွက် တပ်ဆင်ထားသော သင်္ဘောဖြစ်ကြောင်း အမေရိကန်ရေတပ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ပြစ်ဒဏ်မချမှတ်မီ တရားသူကြီးထံ ပေးပို့သောစာတွင် ဝေက ၎င်းအနေဖြင့် သူငယ်ချင်းဟု ယူဆခဲ့သူကို ထိုကဲ့သို့ အချက်အလက်များ မဝေမျှခဲ့သင့်ကြောင်း တောင်းပန်ခဲ့သည်။ ၎င်း၏ “အထီးကျန်ဆန်မှုနှင့် တစ်ယောက်တည်းဖြစ်နေခြင်း” တို့က ၎င်း၏ ဆင်ခြင်တုံတရားကို ဝေဝါးသွားစေခဲ့ခြင်းဖြစ်ကြောင်း ဝေက ပြောခဲ့သည်။
Ref : SCMP
