◾️ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များ ဥပဒေဘောင်အတွင်း ဝင်ရောက်လာရန် နိုင်ငံတော်က အစဉ်အမြဲကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်သလို ဆက်လက်၍လည်း ကမ်းလှမ်းဖိတ်ခေါ်သည်ကို အသိပေး
၁၃. ၁. ၂၀၂၆
Written by Nyein Kyaw
လွဲမှားသည့်လက်နက်ကိုင်လမ်းစဉ်များကြောင့် မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်များနှင့် တိုးတက်အစပြုနေပြီဖြစ်သည့် အခြေခံအဆောက်အအုံများ မြောက်မြားစွာ ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂ဝ၂၆” ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဆိုးဆိုးရွားရွားပြုလုပ်ခဲ့သည့် မဲမသမာမှုများကြောင့် တပ်မတော်မှ အမျိုးသားနိုင်ငံရေးတာဝန်များကို ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ် ထမ်းဆောင်ခဲ့ရကြောင်း၊ အဆိုပါအဖြစ်မှန်ကို ဖုံးကွယ်ပြီး အကြမ်းဖက် NUG၊ CRPH အဖွဲ့များက တပ်မတော်အနေဖြင့် ဒီမိုကရေစီနောက်ပြန်ဆွဲ လုပ်ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်၊ လူရွယ်များကို လွဲမှားသည့်မျှော်လင့်ချက်များနှင့်အတူ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ဆီ တွန်းပို့ခဲ့ကြကြောင်း ယာယီသမ္မတက ပြောကြားသည်။






ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ဇန်နဝါရီလ ၁၁ ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကိုကြည့်ပါက လွတ်လပ်ပြီး တရားမျှတမှုရှိသည်ကို အားလုံးက လက်ခံကြသည့်အတွက် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်မာစွာရပ်တည်လျှောက်လှမ်းနေသည်ကို တွေ့မြင်နိုင်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
လွဲမှားသည့်လက်နက်ကိုင်လမ်းစဉ်များကြောင့် မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်များနှင့် တိုးတက်အစပြုနေပြီဖြစ်သည့် အခြေခံအဆောက်အအုံများ မြောက်မြားစွာ ဆုံးရှုံးခဲ့ရကြောင်း၊ ယခုကဲ့သို့ လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းသည့် နည်းလမ်းသည် နှစ်ပေါင်း ၇၀ ကျော်ကြာသည်အထိ ဘာရလဒ်မှမထွက်ခဲ့သည်ကို သင်ခန်းစာယူရန်လိုသကဲ့သို့ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့် ဖြစ်သည်ကို အမှန်အတိုင်းရှုမြင်ရန် အချိန်ကျနေပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက်တူကြမည်ဆိုပါက ပြည်ထောင်စု အကျိုးကိုရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာရန် နိုင်ငံတော်က အစဉ်အမြဲကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ကမ်းလှမ်းဖိတ်ခေါ်သည်ကို အသိပေးပြောကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
