◾️ “အကြီးကျယ်ဆုံး (The Greatest)” ဟု ကျော်ကြားသူအား သမိုင်းဝင်ဂုဏ်ပြုမှုအဖြစ် ၁၉၇၄ ခုနှစ်က ရိုက်ကူးထားသော ဓာတ်ပုံပါဝင်သည့် တံဆိပ်ခေါင်းပေါင်း ၂၂ သန်း ထုတ်ဝေခဲ့ရာ ၎င်း၏ နာမည်ကျော် “ငါ့ကို တစ်ယောက်ယောက်က လျှာနဲ့လျက်တာ ခံရမယ့် တစ်ခုတည်းသောနည်းလမ်း” ဟူသော ပြက်လုံးမှာ အမှန်တကယ် ဖြစ်လာခဲ့သည်။
သက်တံ့
၁၃. ၁. ၂၀၂၆
ဂန္တဝင်လက်ဝှေ့ကျော် မိုဟာမက် အလီဟာ တစ်ခါက “ငါဟာ တံဆိပ်ခေါင်းတစ်ခု ဖြစ်သင့်တယ်၊ ဘာလို့လဲဆိုတော့ အဲဒါမှပဲ ငါ့ကို တစ်ယောက်ယောက်က လျှာနဲ့လျက် (Licked) တာ ခံရမှာမို့လို့ပဲ” ဟု နောက်ပြောင်ဖူးသည်။
ယခုအခါ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ သုံးကြိမ်တိုင်တိုင် ဆုရှင်၏ ထိုပြက်လုံးမှာ လက်တွေ့အကောင်အထည် ပေါ်လာခဲ့ပြီဖြစ်သည်။
သမိုင်းတစ်လျှောက် အကျော်ကြားဆုံးနှင့် ဩဇာအရှိဆုံး လက်ဝှေ့သမားအဖြစ် လူသိများသလို၊ အားကစားထူးချွန်မှုနှင့်အတူ နိုင်ငံရေးယုံကြည်ချက်၊ ဖျော်ဖြေမှုစွမ်းရည်တို့ကို ပေါင်းစပ်နိုင်ခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ ဩဇာတိက္ကမကြီးမားသူ အလီအား ဂုဏ်ပြုသောအားဖြင့် အမေရိကန်စာတိုက်က ပထမဆုံးအကြိမ် အမှတ်တရ တံဆိပ်ခေါင်းအဖြစ် အလီ လက်ဝှေ့ထိုးသတ်နေပုံနှင့် တံဆိပ်ခေါင်းကို ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
“သူ့ရဲ့ ဂုဏ်ဒြပ်ကို ထိန်းသိမ်းစောင့်ရှောက်သူတစ်ယောက်အနေနဲ့ ကျွန်မ အရမ်းဝမ်းသာပီတိဖြစ်မိပါတယ်၊ စိတ်လှုပ်ရှားမိပါတယ်၊ အရမ်းကို ကြည်နူးရပါတယ်” ဟု အလီနှင့် နှစ်ပေါင်း ၃၀ နီးပါး လက်တွဲခဲ့သည့် ဇနီးဖြစ်သူ လော်နီ အလီ (Lonnie Ali) က ပြောကြားခဲ့သည်။

“ဘာလို့လဲဆိုတော့ လူတွေဟာ အဲဒီတံဆိပ်ခေါင်းကို ကြည့်လိုက်တိုင်း သူ့ကို သတိရနေကြမှာမို့လို့ပါ။ သူဟာ လူတွေရဲ့ စိတ်အာရုံထဲမှာ အမြဲရှိနေတော့မှာဖြစ်တဲ့အတွက် ကျွန်မအတွက်တော့ ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ” ဟု သူမက ဆိုသည်။
၁၉၇၄ ခုနှစ်၊ အောက်တိုဘာလက ဇိုင်ယာနိုင်ငံ (ယခု ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ)၊ ကင်ရှာဆာမြို့တွင် ကျင်းပခဲ့သော မိုဟာမက် အလီနှင့် ဂျော့ဖိုးမန်း (George Foreman) တို့၏ “Rumble in the Jungle” ဟု ကျော်ကြားသည့် လက်ဝှေ့ပွဲဓာတ်ပုံကို အမေရိကန်က တံဆိပ်ခေါင်းတွင် အသုံးပြုထားခြင်းဖြစ်သည်။
မိုဟာမက် အလီသည် ပါကင်ဆန် (Parkinson) ရောဂါကို ဆယ်စုနှစ် သုံးခုကျော်ကြာ ရင်ဆိုင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် အသက် ၇၄ နှစ်အရွယ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် လက်ဝှေ့ကြိုးဝိုင်းအတွင်း တိုက်ပွဲဝင်သူတစ်ဦးသာမကဘဲ ပြင်ပလောကတွင်လည်း ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်သည်။
Ref: SCMP
