





၁၂.၁.၂၀၂၆
Written By Min Thet
မြန်မာအလုပ်သမား ၆ ဦးက ထိုင်းနိုင်ငံသား Delivery သမား ၃ ဦးအား ရိုက်နှက်ခဲ့သည့်အတွက် အလုပ်ထုတ်ခံရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောနယ်မြေရှိ စားသောက်ဆိုင်ရှေ့တွင် မြန်မာအလုပ်သမား ၆ ဦးက ထိုင်းနိုင်ငံသား Delivery သမား ၃ ဦးအား ရိုက်နှက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်ဟွန်းတီးရာမှ စကားများခဲ့သည့် ကိစ္စကို ထိုင်းနိုင်ငံသား Delivery သမား ၃ ဦးက မြန်မာလုပ်သား ၆ ဦး အလုပ်လုပ်သည့် စားသောက်ဆိုင်ရှေ့ သို့ လာရောက်ဖြေရှင်းကြစဉ် အုပ်စုဖွဲ့၍ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် ဆိုင်ပိုင်ရှင်က အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ပွဲ ဖြစ်ပွားခဲ့သည့် စားသောက်ဆိုင်များ၏ အစုရှယ်ယာဝင်ထားသူ မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးက အလုပ်သမားများကိုယ်စား ရိုက်နှက်ခံရသူ ၃ ဦးကို တောင်းပန်ခဲ့သည့်အပြင် ရိုက်နှက်စဉ် ရရှိခဲ့သည့် ဒဏ်ရာများအတွက်လည်း ဆေးကုသစရိတ်ပေးမည် ဖြစ်ပြီး ပျက်စီးသွားသည့် ဆိုင်ကယ်ကိုပါ ပြုပြင်ပေးပါ မည်ဟု ကတိပြုခဲ့ကြောင်း ထိုင်းရဲမှူးက မီဒီယာများအား ပြောဆိုချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ဖော်ပြကြသည်။
ယင်းအပြင် ရိုက်နှိက်ခံရသူများက နယ်မြေ ရဲစခန်း၌ တိုင်ကြားခဲ့သဖြင့် ထိုင်းအာဏာပိုင်များက ရန်ပွဲဖြစ်ပွားခဲ့သည့် စားသောက်ဆိုင်သို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ရာ ဆိုင်တာဝန်ခံက လုပ်ငန်းလိုင်စင် အပါအဝင် အထောက်အထား စာရွက်စာတမ်းများ မပြသနိုင်သဖြင့် အဆိုပါ စားသောက်ဆိုင်ကိုလည်း ယာယီပိတ်သိမ်းစေခဲ့ကြောင်း သိရသည်။
