သက်တံ့
၁၃. ၁. ၂၀၂၆
မိမိစောင့်ရှောက်ရန် တာဝန်ရှိသည့် အသက် ၉၀ အရွယ် အဘွားအိုကို မျက်နှာအား ရိုက်ပုတ်ခြင်းနှင့် ဒိုက်ပါ (Diaper) ဖြင့် ရိုက်နှက်ခြင်းတို့ အပါအဝင် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည့် မြန်မာအိမ်အကူ အမျိုးသမီးတစ်ဦးအား စင်ကာပူတရားရုံးက ထောင်ချ အရေးယူလိုက်ပြီဖြစ်သည်။
အဆိုပါ နှိပ်စက်မှုအချို့သည် အယ်လ်ဇိုင်းမား (မှတ်ဉာဏ်ချို့ယွင်းမှု) ဝေဒနာနှင့် သွေးကြောဆိုင်ရာ မှတ်ဉာဏ်ချို့ယွင်းမှု (Vascular Dementia) အသင့်အတင့် ခံစားနေရသော အဘွားအိုအား အိမ်အကူ နွယ်နွယ်စန်းက ဒိုက်ပါလဲပေးရန် ကြိုးပမ်းနေစဉ် အဘွားအို၏ ကိုယ်ခန္ဓာ အောက်ပိုင်း ဗလာကျင်းနေချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုကျူးလွန်မှုများကြောင့်ပင် အသက် ၄၉ နှစ်အရွယ် မြန်မာနိုင်ငံသား နွယ်နွယ်စန်းကို တနင်္လာနေ့ (ဇန်နဝါရီ ၁၂ ရက်) တွင် ထောင်ဒဏ် ၅၂ ပတ် ချမှတ်ခဲ့သည်။ သူမသည် ခုခံနိုင်စွမ်းမရှိသည့် ထိခိုက်လွယ်သူတစ်ဦးအား တမင်သက်သက် နာကျင်စေမှု ပုဒ်မနှစ်ခုဖြင့် အပြစ်ရှိကြောင်းကိုလည်း စကားပြန်မှတစ်ဆင့် ဝန်ခံခဲ့သည်။
သူမ၏ နှိပ်စက်မှုများကို CCTV မှတ်တမ်းတွင် ရိုက်ကူးမိခဲ့ပြီး ယင်းမှတ်တမ်းကို တရားရုံးတွင် ပြသခဲ့သည်။ မှတ်တမ်းထဲတွင် အားနည်းနေသော အဘွားအိုသည် သူမရှေ့တွင် ရပ်နေသော နွယ်နွယ်စန်း၏ ရန်မှ ကာကွယ်ရန် လက်နှစ်ဖက်ကို မြှောက်၍ ခုခံနေသည်ကို တစ်ခါတစ်ရံ မြင်တွေ့ရသည်။
အဘွားအိုသည် မှတ်ဉာဏ်ချို့ယွင်းမှုအပြင် စကားပြောဆိုနိုင်မှု အလွန်နည်းပါးပြီး သွားလာလှုပ်ရှားရန် အကူအညီလိုအပ်ကာ ဒိုက်ပါ ဝတ်ဆင်ထားရသူ ဖြစ်သည်။
◾ နှိပ်စက်မှုများ ပေါ်ပေါက်လာပုံ
နွယ်နွယ်စန်းကို အဘွားအို၏ အသက် ၆၈ နှစ်အရွယ် သားဖြစ်သူက မိခင်ဖြစ်သူအား ပြုစုရန် ၂၀၁၇ ခုနှစ်တွင် စတင် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် သားဖြစ်သူက မိခင်ထံ အလည်လာရင်း CCTV မှတ်တမ်းကို တိုက်ဆိုင်စစ်ဆေးရာမှ ဤနှိပ်စက်မှုများကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် အဘွားအိုမှာ ဆီးလမ်းကြောင်း ပိုးဝင်သဖြင့် ဆေးရုံတက်ရသောအခါ သူမ၏ ကိုယ်ခန္ဓာပေါ်တွင် အညိုအမည်းစွဲနေသည့် ဒဏ်ရာများ ရှိနေကြောင်း ဆရာဝန်များက သားဖြစ်သူကို အသိပေးခဲ့သည်။ ထို့အပြင် နံရိုးအချို့ ကျိုးနေသည်ကိုလည်း တွေ့ရှိရသော်လည်း မည်သည့်အချိန်တွင် ကျိုးခဲ့သည်ကိုမူ ဆရာဝန်များက အတိအကျ မပြောနိုင်ခဲ့ပေ။ သားဖြစ်သူက CCTV မှတ်တမ်းများကို ထပ်မံစစ်ဆေးပြီးနောက် ဩဂုတ်လ ၂ ရက်နေ့တွင် ရဲစခန်း၌ တိုင်ချက်ဖွင့်ခဲ့သည်။
◾ နှိပ်စက်ခဲ့သည့် ဖြစ်စဉ်များ
ရုံးတော်စာရွက်စာတမ်းများအရ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် နွယ်နွယ်စန်းသည် အဘွားအို၏ ဒူးကို ကန်ခြင်း၊ ခေါင်းကို နှစ်ကြိမ်တွန်းထိုးခြင်း၊ ထို့နောက် အင်္ကျီမှ ဆွဲကိုင်ကာ ဆိုဖာပေါ်သို့ တွန်းချခြင်းများ ပြုလုပ်ခဲ့သည်။ အချို့အချိန်များတွင် သူမသည် အဘွားအို၏ ဆံပင်ကို ဆွဲခြင်း၊ မျက်နှာကို အနည်းဆုံး နှစ်ကြိမ် ပါးရိုက်ခြင်းနှင့် လက်မောင်းကို ဒိုက်ပါဖြင့် ရိုက်နှက်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ဇူလိုင် ၂၈ ရက်တွင် အဘွားအိုအား ဒိုက်ပါလဲပေးရန် ကြိုးစားစဉ် အဘွားအိုမှာ ခါးအောက်ပိုင်း အဝတ်အစားမပါဘဲ ရှိနေချိန်၌ နွယ်နွယ်စန်းက အဘွားအို၏ ညာဘက်ခြေထောက်ကို ဆွဲယူကာ သူမဘက်သို့ အတင်းအဓမ္မ ဆောင့်ဆွဲခဲ့သည်ကို တွေ့ရသည်။ နွယ်နွယ်စန်းသည် အဘွားအို၏ အင်္ကျီမှ ဆွဲကိုင်ကာ အကြိမ်ကြိမ် လှည့်ပတ်ယမ်းခါခဲ့ပြီး ဆိုဖာပေါ်သို့ ထပ်တလဲလဲ တွန်းချခဲ့ရာ အဘွားအို၏ ဦးခေါင်းမှာ ဆိုဖာနှင့် ဆောင့်မိခဲ့သည်။
ထို့အပြင် သူမသည် အဘွားအို၏ ပါးစပ်ထဲသို့ လက်ချောင်းဖြင့် အတင်းထိုးထည့်ခြင်းလည်း ပြုလုပ်ခဲ့သည်။
ဖြစ်စဉ်တစ်ခုတွင် အဘွားအိုက အိမ်သာသွားချင်ကြောင်း အမူအရာပြသသော်လည်း နွယ်နွယ်စန်းက ဂရုမစိုက်ဘဲ လျစ်လျူရှုခဲ့သည်။ ထို့ကြောင့် အဘွားအိုက လက်အုပ်ချီ၍ သူမအား အသနားခံ တောင်းပန်နေသည်ကို CCTV တွင် တွေ့ရှိရသည်။
◾ နွယ်နွယ်စန်း၏ ထွက်ဆိုချက်နှင့် တရားရုံး ဆုံးဖြတ်ချက်
နွယ်နွယ်စန်းက အဘွားအိုကို တစ်ဦးတည်း ပြုစုစောင့်ရှောက်ရသဖြင့် စိတ်ပျက်အားမလိုအားမရ ဖြစ်လာသောကြောင့် ယခုကဲ့သို့ ကြမ်းတမ်းစွာ ပြုမူမိခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
အဘွားအို၏ သားဖြစ်သူသည် အပတ်စဉ် ပိတ်ရက်များတွင် လာရောက်ကြည့်ရှုလေ့ရှိပြီး အိမ်အကူ၏ အခက်အခဲကို သိရှိပြီးနောက် အကူအညီဖြစ်စေရန် အချိန်ပိုင်း အိမ်အကူတစ်ဦးကိုပါ ထပ်မံ စီစဉ်ပေးခဲ့ဖူးသည်။
တရားလိုရှေ့နေက အဘွားအိုသည် “အလွန်အမင်း ထိခိုက်လွယ်သော အသက် ၉၀ ကျော်အရွယ်” ဖြစ်ကြောင်း ဖော်ပြကာ ထောင်ဒဏ် ၁၃ လမှ ၁၅ လအထိ ချမှတ်ရန် တောင်းဆိုခဲ့သည်။
“နံရိုးကျိုးတဲ့ဒဏ်ရာတွေ ဘယ်အချိန်က ရခဲ့လဲဆိုတာ ဆရာဝန်က အတိအကျ မပြောနိုင်ပေမဲ့ ဒီလိုနှိပ်စက်တဲ့ ပုံစံမျိုးကြောင့်ပဲ အဲဒီဒဏ်ရာတွေ ရခဲ့တာကတော့ ရှင်းနေပါတယ်” ဟု အစိုးရရှေ့နေ Caleb Looi က ပြောကြားခဲ့သည်။
ရှေ့နေငှားရမ်းထားခြင်းမရှိသည့် နွယ်နွယ်စန်းကမူ သူမအနေဖြင့် အဘွားအို၏ အခြေအနေကို မိသားစုက ပိုမိုဂရုစိုက်လာအောင် သတိပြုမိစေရန် ယခုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
သို့သော် အစိုးရရှေ့နေက ယင်းမှာ အကြောင်းပြချက်သက်သက်သာဖြစ်ကြောင်း ပယ်ချခဲ့ပြီး အခြား ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် တင်ပြနိုင်ကြောင်း၊ သားဖြစ်သူကလည်း အချိန်ပိုင်းအကူ ထပ်မံ စီစဉ်ပေးထားခဲ့ကြောင်း ထောက်ပြခဲ့သည်။
ခရိုင်တရားသူကြီး Lorraine Ho က ဖျားနာနေသော သက်ကြီးရွယ်အိုတစ်ဦးကို ပြုစုရသည်မှာ စိန်ခေါ်မှုရှိနိုင်သော်လည်း နှိပ်စက်ခြင်းသည် ပြဿနာကို ဖြေရှင်းရန် သို့မဟုတ် မိသားစု၏ အာရုံစိုက်မှုကို ရယူရန် နည်းလမ်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။
လူတစ်ဦးအား တမင်တကာ ထိခိုက်နာကျင်အောင် ပြုလုပ်ခြင်းဖြင့် မိမိသဘောအတိုင်း ဖြေရှင်းခွင့်မရှိကြောင်းလည်း တရားသူကြီးက ထပ်လောင်းပြောဆိုခဲ့သည်။
စင်ကာပူဥပဒေအရ ထိခိုက်လွယ်သူတစ်ဦးအား တမင်သက်သက် နာကျင်စေမှုအတွက် နွယ်နွယ်စန်းသည် ထောင်ဒဏ် ၆ နှစ်အထိဖြစ်စေ၊ ငွေဒဏ် စင်ကာပူဒေါ်လာ ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၈၀၀ ခန့်) ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည့် ပုဒ်မ ဖြစ်သော်လည်း ထောင်ဒဏ် ၅၂ ပတ်သာ ချမှတ်ခံခဲ့ရခြင်းမှာ အင်မတန်သက်ညှာခံခဲ့ရသော ဖြစ်စဥ်လည်းဖြစ်သည်။
Ref: CNA
