သက်တံ့
၉. ၁. ၂၀၂၆
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများအကြား ရရှိထားသည့် နုနယ်သော အပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၄၅ သန်းခန့် ကူညီမည်ဖြစ်ကြောင်း သောကြာနေ့ (ဇန်နဝါရီလ ၉ ရက်) တွင် ကြေညာခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အာရှဆိုင်ရာ အဆင့်မြင့်အရာရှိ Michael DeSombre သည် အပစ်အခတ်ရပ်စဲရေးကို အားကောင်းစေမည့် နည်းလမ်းများ ဆွေးနွေးရန် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်ခဲ့စဉ် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထောက်ပံ့ကြေး ဒေါ်လာ ၄၅ သန်းအနက် ဒေါ်လာ ၂၀ သန်းကိုမူ ကမ္ဘောဒီးယားတွင် အဓိက စိုးရိမ်စရာဖြစ်လာသည့် မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ဆိုင်ဘာငွေလိမ်ဂိုဏ်း (Cyber Scams) များကို နှစ်နိုင်ငံပူးပေါင်း တိုက်ဖျက်ရန်၊ ဒေါ်လာ ၁၅ သန်းကို မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများကို ကူညီရန်နှင့် ကျန် ဒေါ်လာ ၁၀ သန်းကိုမူ မြေမြှုပ်မိုင်းများ ဖယ်ရှားရှင်းလင်းရန် ခွဲဝေအသုံးပြုမည်ဖြစ်သည်။

“ကွာလာလမ်ပူ ငြိမ်းချမ်းရေးသဘောတူညီချက် (Kuala Lumpur Peace Accords) ကို အကောင်အထည်ဖော်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းအစိုးရတွေကို အမေရိကန်က ဆက်လက်ကူညီသွားမှာပါ” ဟု DeSombre က ပြောကြားခဲ့သည်။
အဆိုပါ သဘောတူညီချက်ကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့စဉ်က သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားအကြား မိုင် ၅၀၀ ကျော် ရှည်လျားသော နယ်စပ်မျဉ်းတစ်လျှောက်တွင် နယ်မြေပိုင်ဆိုင်မှုနှင့် ရှေးဟောင်းဘုရားကျောင်း ပျက်စီးမှုများအတွက် ရာစုနှစ်နှင့်ချီ၍ အငြင်းပွားမှုများ ရှိခဲ့သည်။ ပြီးခဲ့သည့်လတွင် တိုက်ပွဲများ အကြီးအကျယ် ပြန်လည်ဖြစ်ပွားခဲ့ပြီး ၃ ပတ်ကြာ တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်တွင်မှ အပစ်ရပ်စဲရေး ရရှိခဲ့ခြင်းဖြစ်သည်။
သမ္မတ ထရမ့်ပ်က ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခကို ၎င်းဖြေရှင်းပေးနိုင်ခဲ့သည့် စစ်ပွဲများထဲမှ တစ်ခုအဖြစ် မှတ်တမ်းတင်ထားပြီး ၎င်းအနေဖြင့် နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် ထိုက်တန်ကြောင်း ကျယ်ကျယ်လောင်လောင် ပြောဆိုလျက်ရှိသည်။ ထူးခြားချက်မှာ ထရမ့်ပ်သည် ရာထူးစတင်လက်ခံချိန်က နိုင်ငံခြားအကူအညီများကို အကြီးအကျယ် ဖြတ်တောက်ခဲ့ရာတွင် ကမ္ဘောဒီးယားသို့ပေးအပ်နေသည့် မိုင်းရှင်းလင်းရေး အကူအညီများကိုပါ လပေါင်းများစွာ ဆိုင်းငံ့ခဲ့ဖူးသည်။ အမေရိကန်၏ တိုက်ရိုက်အကျိုးစီးပွားရှိမှသာ ငွေကြေးထောက်ပံ့မည်ဟု ထိုစဉ်က မူဝါဒချမှတ်ခဲ့သော်လည်း ယခုအခါတွင်မူ အပစ်အခတ်ရပ်စဲရေးကို ၎င်း၏ အောင်မြင်မှုတစ်ခုအဖြစ် ပုံဖော်ရန် ဒေါ်လာ ၄၅ သန်း ထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
Ref : SCMP
