သတိုး
၉. ၁. ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံတွင် အသက်တစ်လအရွယ်ရှိ မိမိ၏ရင်သွေးငယ်အား လူမှုကွန်ရက်ပေါ်၌ ဖိလစ်ပိုင်ပီဆို ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၈၄၅ ခန့်) ဖြင့် ရောင်းချရန် ကြိုးပမ်းခဲ့သည့် ဆယ်ကျော်သက်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ တစ်ဆက်တည်းမှာပင် ရဲတပ်ဖွဲ့က ယခုကဲ့သို့သော ကလေးရောင်းချမှုဖြစ်စဉ်များသည် မကြာသေးမီနှစ်များအတွင်း “တောမီးကဲ့သို့ ကူးစက်ပျံ့နှံ့နေကြောင်း” သတိပေးခဲ့သည်။
◾️ ရောင်းချမှုဖြစ်စဉ်
အသက် ၁၇ နှစ်အရွယ်ရှိ အဆိုပါ ဆယ်ကျော်သက်မိခင်သည် အွန်လိုင်းတွင် ကလေးရောင်းရန် ကြော်ငြာတင်ခဲ့ရာ ရဲတပ်ဖွဲ့က ဝယ်ယူသူအယောင်ဆောင်၍ ဆက်သွယ်ချိန်းဆိုကာ ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Philippine Daily Inquirer သတင်းစာတွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့၏ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်ရေးဌာန အကြီးအကဲ Sheila Portento က “သူမဟာ ကျောင်းလခပေးဖို့အတွက် ငွေလိုအပ်နေတာကြောင့် ကလေးကိုရောင်းပြီး ရတဲ့ငွေနဲ့ ကျောင်းလခပေးဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း သူမရဲ့မိခင်ဆီကနေ သိရပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါမိန်းကလေးသည် ဂျပန်နိုင်ငံရှိ လူတစ်ဦးနှင့်လည်း အဆက်အသွယ်ရှိနေပြီး ထိုသူက ကလေးကိုပေးလျှင် ငွေပို့ပေးမည်ဟု ကတိပေးထားကြောင်း စုံစမ်းတွေ့ရှိရသည်။ လက်ရှိတွင် မိခင်နှင့် ကလေးငယ်ကို ကွီဇုန်စီးတီး (Quezon City) လူမှုဝန်ထမ်းဌာနသို့ လွှဲပြောင်းပေးထားသည်။
◾️ ဥပဒေအရ အရေးယူမှု
ဖိလစ်ပိုင်၏ လူငယ်တရားစီရင်ရေးဥပဒေအရ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား ကလေးများသည် ‘အမှားအမှန်ခွဲခြားနိုင်စွမ်း’ (Discernment) မရှိပါက ရာဇဝတ်မှုဖြင့် အရေးယူ၍မရသော်လည်း၊ ယခုဖြစ်စဉ်တွင်မူ လူမှုဝန်ထမ်းများ၏ စစ်ဆေးချက်အရ သူမသည် ပျမ်းမျှအခြေအနေထက် ဉာဏ်ရည်ထက်မြက်သူဖြစ်ပြီး မိမိလုပ်ဆောင်မှု၏ အကျိုးဆက်ကို ကောင်းစွာသိရှိကာ ကြိုတင်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် သူမသည် လူကုန်ကူးမှု၊ ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုနှင့် ဆိုင်ဘာရာဇဝတ်မှုတို့ဖြင့် တရားစွဲဆိုခံရနိုင်ခြေ ရှိနေသည်။ ကလေးငယ်၏ ဆယ်ကျော်သက်ဖခင်ဖြစ်သူကိုလည်း ဤဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေသည်။

◾️ စိုးရိမ်ဖွယ်ရာ မြင့်တက်လာသည့် ကလေးရောင်းချမှုများ
Portento ၏ ပြောကြားချက်အရ အွန်လိုင်းတွင် ကလေးရောင်းချမှု ဖြစ်စဉ်များသည် ၂၀၂၄ ခုနှစ်တွင် ၅ မှုသာရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၈ မှုအထိ မြင့်တက်လာခဲ့သည်။
“အွန်လိုင်းပလက်ဖောင်းတွေက အလွယ်တကူ အသုံးပြုလို့ရနေတာကြောင့် ဒါဟာ ရုတ်တရက် တောမီးလို ပျံ့နှံ့လာတာပါ။ အွန်လိုင်းမှာ ဘာမဆို ရောင်းလို့ရနေတာက တကယ့်ကို စိုးရိမ်စရာပါပဲ” ဟု သူမက ဆိုသည်။
ကလေးသူငယ်များကို အွန်လိုင်းတွင်ရောင်းချရခြင်း၏ အဓိကအကြောင်းရင်းမှာ စီးပွားရေးကျပ်တည်းမှု (ဆင်းရဲမွဲတေမှု) ကြောင့် ဖြစ်သည်။ ဇွန်လအတွင်းက ပြုလုပ်ခဲ့သော စစ်တမ်းအရ အွန်လိုင်းပေါ်တွင် ကလေးရောင်းချနေသည့် အဖွဲ့ (Group) ပေါင်း ၁၂ ခုရှိပြီး အဖွဲ့တစ်ခုစီတွင် Follower ၂ သိန်းကျော်အထိ ရှိနေသည်။ လူ့အခွင့်အရေးကော်မရှင်၏ အဆိုအရ အွန်လိုင်းတွင် ရောင်းချခံရသည့် ကလေးအများစုမှာ မိသားစုကိုယ်တိုင်က ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
◾️ အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှု
အစိုးရသည် ဆယ်ကျော်သက်မိခင်များကို ကူညီရန် ProtecTeen အမည်ရှိ စီမံကိန်းသစ်တစ်ခုကို ယခုအပတ်တွင် စတင်ခဲ့သည်။
“ကျွန်မတို့အနေနဲ့ တရားမဝင်ကလေးမွေးစားတာနဲ့ လူကုန်ကူးမှုကို ပြင်းပြင်းထန်ထန် တားဆီးနေသလိုပဲ၊ ဆယ်ကျော်သက်မိခင်တွေအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးဖို့ကလည်း အရေးကြီးပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
တာဝန်ရှိသူများကမူ မွေးဖွားပြီး ရင်သွေးကလေးငယ်ကို မကျွေးမွေးနိုင်သည့် မိခင်များအနေဖြင့် ကလေးငယ်ကို ရောင်းချမည့်အစား တရားဝင်လမ်းကြောင်းဖြစ်သည့် National Authority for Child Care မှတစ်ဆင့် စွန့်လွှတ်အပ်နှံရန် တိုက်တွန်းထားသည်။
Ref : SCMP
