နေမိုး
၉. ၁. ၂၀၂၆
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲ NUG နဲ့ PDF တွေဟာ စားကျက်လုနေတဲ့ ဗိုလ်နဂါးရဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ဒီနေ့ စတင်တိုက်ခိုက်လာကြတယ်လို့ ဗိုလ်နဂါးက အသိပေးလာပါတယ်။
NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လျှို့ဝှက်ညွှန်ကြားမှုနဲ့ PDF တွေက BNRA ကို တိုက်ခိုက်ဖို့ အင်အားစုစည်းပြင်ဆင်နေတယ်လို့ BNRA က မနေ့က ဇန်နဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး BNRA အနေနဲ့ အဆုံးစွန်ထိ ရင်ဆိုင်တုံ့ပြန်သွားမယ်လို့ ပြည်သူလူထုကို တိုင်တည်စာ ထုတ်ပြန်အပြီး နောက်တစ်ရက်မှာပဲ NUG နဲ့ PDF တွေက BNRA ကို စတင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
BNRA ခေါင်းဆောင် ဗိုလ်နဂါး ကလည်း “ပုံဖျက်တာပါဆိုတဲ့ ပုဂ္ဂိုလ်များ မင်းတို့ရဲ့အာဏာရူးတွေ ဒီနေ့မနက်စပါပြီ”လို့ NUG နဲ့ PDF တွေက ဒီမနက်ကစ BNRA ကို တိုက်ခိုက်မှုအပေါ် လူမှုကွန်ရက်ကနေ ဒီနေ့လယ်ပိုင်းက အသိပေးထားပါတယ်။
ဒီဖြစ်စဥ်မှာ NUG နဲ့ PDF အာဏာရူးတွေက ပုလဲမြို့နယ်က BNRA ရဲ့ ပုပ္ပါရွာနဲ့ မရိုးတုံးရွာ စစ်ဆေးရေးဂိတ်တွေကို ဒီနေ့ ဇန်နဝါရီ ၉ ရက် မနက်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပြီး အဲဒီ တိုက်ပွဲမှာ NUG ရဲ့ PDF တွေက BNRA လက်နက်ကိုင်တပ်ဖွဲ့ပိုင် M-80 စက်လက်နက်တစ်လက် အပါအဝင် သေနတ် ၁၀ လက် သိမ်းဆည်းရမိခဲ့တယ်လို့ BBC က ဖော်ပြမှုအရ သိရပါတယ်။
ဒီနေ့မနက် PDF တွေရဲ့ ရန်စ ကျူးကျော် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး NUG ရဲ့ MOD က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
