၉. ၁. ၂၀၂၆
MT News Editorial
မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းတွင် အဆိုးရွားဆုံးသော အစိတ်အပိုင်းတစ်ခုမှာ လက်နက်ကိုင်အဖွဲ့အစည်းအချို့သည် “တော်လှန်ရေး” သို့မဟုတ် “လူမျိုးစုလွတ်မြောက်ရေး” ဟူသော ခေါင်းစဉ်များကို အသုံးချကာ ကမ္ဘာ့အဆင့် မူးယစ်ဆေးဝါး ကုန်သွယ်မှုလုပ်ငန်းများကို အကာအကွယ်ယူ လုပ်ဆောင်နေခြင်းဖြစ်သည်။
အထူးသဖြင့် AA ကဲ့သို့သော အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းများသည် ရခိုင်ပင်လယ်ပြင်ကို အသုံးပြု၍ ကျပ်ဘီလျံထောင်နှင့်ချီသော မူးယစ်ဆေးဝါးများကို ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ဖြူးနေသည်မှာ ခိုင်မာသည့် အထောက်အထားများ၊ ဖမ်းဆီးရမိမှုများ၊ မြန်မာနှင့် နိုင်ငံတကာအစီရင်ခံမှုများအရ ထင်ရှားလျက်ရှိပေသည်။
သို့သော် ဤနေရာတွင် မေးခွန်းထုတ်စရာ ဖြစ်လာသည်မှာ နိုင်ငံတကာအသိုက်အဝန်း၏ ရပ်တည်ချက်ပင် ဖြစ်သည်။ ကုလသမဂ္ဂနှင့် အနောက်နိုင်ငံအချို့သည် တပ်မတော်အပေါ် “အာဏာသိမ်းအစိုးရ” ဟု တံဆိပ်ကပ်ထားသည့် အမြင်တစ်ခုတည်းအပေါ် အခြေခံကာ AA ကဲ့သို့သော အဖွဲ့အစည်းများ၏ တရားမဝင် ရာဇဝတ်မှုများကို မျက်ကွယ်ပြုထားကြသည်။ ဤသို့ “မျက်နှာသာပေးခြင်း” သို့မဟုတ် “မြှောက်ပေးခြင်း” များသည် အဆိုပါအဖွဲ့များကို မူးယစ်ရာဇာများအဖြစ်မှ နိုင်ငံရေးအဖွဲ့အစည်းများအဖြစ် အရောင်ပြောင်းသွားစေရန် ကူညီရာရောက်နေပေသည်။
အကယ်၍သာ နိုင်ငံတကာအနေဖြင့် AA နှင့် အလားတူ EAOs အဖွဲ့များ၊ မူးယစ်ဆေးဖြန့်နေသော NUG နှင့် PDF များကို ၎င်းတို့၏ တကယ့်လုပ်ရပ်ဖြစ်သော “မူးယစ်ဆေးဝါး ဖြန့်ဖြူးမှု” အပေါ် အခြေခံ၍ ဝရမ်းထုတ်ခြင်း၊ ပိတ်ဆို့အရေးယူခြင်းများ ပြုလုပ်ခဲ့မည်ဆိုပါက မြန်မာ့ပဋိပက္ခသည် ယခုထက် အဆများစွာ လျင်မြန်စွာ ပြေလည်သွားနိုင်မည်ဖြစ်သည်။
မူးယစ်ဆေးမှ အဓိကရရှိနေသော တရားမဝင်ငွေကြေးစီးဆင်းမှု ရပ်တန့်သွားသည်နှင့်အမျှ လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် မြို့ပြများကို ဖျက်ဆီးခြင်းများအတွက် အရင်းအမြစ်များပါ အလိုအလျောက် ခန်းခြောက်သွားမည် ဖြစ်သည်။
မြန်မာပြည်သူများအနေဖြင့်လည်း တပ်မတော်အပေါ် မကျေနပ်မှုကို အခွင့်ကောင်းယူကာ မိမိတို့လူ့အဖွဲ့အစည်းကို မူးယစ်ဆေးဝါးဖြင့် အဆိပ်ခတ်နေသည့် EAOs များ၊ နိုင်ငံပိုင်အခြေခံအဆောက်အအုံများကို ဖျက်ဆီးနေသည့် PDF များကို တော်လှန်ရေးသူရဲကောင်းအဖြစ် အမြင်မမှားမိရန် အထူးသတိပြုရတော့မည်ဖြစ်သည်။
“ဒီမိုကရေစီ” နှင့် “အချုပ်အခြာအာဏာ” ဟူသော စကားလုံးများကို မူးယစ်ဆေးဝါးမှရသော သွေးစွန်းငွေများဖြင့် တည်ဆောက်၍ မရနိုင်ပေ။
သို့သော် အခြားတစ်ဖက်တွင် ဆင်ခြင်ရန်မှာ လက်နက်ကိုင်အဖွဲ့အစည်းအချို့က တော်လှန်ရေးမျက်နှာဖုံးစွပ်ကာ မူးယစ်ဆေးဝါးနှင့် တရားမဝင်လုပ်ငန်းများကို လုပ်ကိုင်နေကြသော်လည်း နိုင်ငံတကာက ထိရောက်စွာ အရေးမယူခြင်းမှာ မြန်မာနိုင်ငံ၏ “တရားဝင်အစိုးရ (Legitimacy)” အခန်းကဏ္ဍ ဝေဝါးနေခြင်းကြောင့် ဖြစ်သည်။
ဤအခြေအနေကို ကျော်လွှားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပ၍ လူထုထောက်ခံမှုရှိသော အရပ်သားအစိုးရတစ်ရပ် ပေါ်ထွက်လာစေခြင်းပင် ဖြစ်သည်။
အရပ်သားအစိုးရတစ်ရပ် ပေါ်ထွက်လာခြင်းသည် နိုင်ငံတကာမျက်နှာစာတွင် သံတမန်ရေးအရ အားသာချက် (Diplomatic Advantage) ကို ရရှိစေမည်ဖြစ်သည်။ ထိုအခါမှသာ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်း၍ AA ကဲ့သို့သော မူးယစ်ရာဇာအဖွဲ့အစည်းများကို “နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ” အဖြစ် သတ်မှတ်နိုင်ရန် ဖိအားပေးနိုင်မည်ဖြစ်သည်။
တရားဝင်အစိုးရတစ်ရပ်၏ တောင်းဆိုချက်သည် နိုင်ငံတကာအသိုက်အဝန်းအတွက် ငြင်းပယ်ရန် ခက်ခဲသော အခြေအနေကို ဖန်တီးပေးနိုင်ပေသည်။ရွေးကောက်ပွဲကို လက်ခံခြင်းသည် စစ်ပွဲထက် ငြိမ်းချမ်းရေးကို ရွေးချယ်ခြင်း ဖြစ်သလို၊ ဖျက်ဆီးခြင်းထက် တည်ဆောက်ခြင်းကို ရွေးချယ်ခြင်းလည်း ဖြစ်သည်။ မြန်မာ့လူဦးရေ ၈၇ ရာခိုင်နှုန်းရှိရာ မြို့နယ်ပေါင်း ၂၆၅ ခုတွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံတကာအား “မြန်မာပြည်သူအများစုသည် အကြမ်းဖက်မှုကို ငြင်းပယ်ပြီး ဒီမိုကရေစီနည်းလမ်းဖြင့် အပြောင်းအလဲကို ဖော်ဆောင်လိုသည်” ဟူသော ပြတ်သားသည့် သတင်းစကားကို ပေးပို့လိုက်ခြင်းပင် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ရွေးကောက်ပွဲသည် နိုင်ငံရေးထွက်ပေါက်တစ်ခု သက်သက်သာမဟုတ်ဘဲ နိုင်ငံတော်အား မူးယစ်နှင့် ကျားဖြန့် ရာဇဝတ်ဂိုဏ်းများ၏ လက်မှ ကယ်တင်မည့် သံတမန်ရေးရာ လက်နက်ကောင်းတစ်ခုလည်း ဖြစ်ပေသည်။ မြန်မာနိုင်ငံသားများအနေဖြင့် စစ်ပွဲသံသရာထဲ၌ ဝဋ်ခံနေရခြင်းမှ လွတ်မြောက်ရန်အတွက် ရွေးကောက်ပွဲလမ်းကြောင်းကို အခိုင်အမာ ထောက်ခံအားပေးကြရန် လိုအပ်ပေသည်။ သို့မှသာ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အမှန်တကယ် လျှောက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း MT News က တင်ပြလိုက်ရပါသည်။
