◾️ တားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ခံရမည်
၉. ၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော်မှ ဥပဒေနှင့်အညီ ထုတ်ဝေထားသည့် ငွေစက္ကူပေါ်တွင် စာသားများ ရေသား ရေးခြစ်ခြင်း၊ ဂုဏ်သိက္ခာထိခိုက်စေမည့် ဆောင်ရွက်ချက်များ၊ ဆုတ်ဖြဲခြင်းများ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၄၀၊ ပုဒ်မခွဲ (င)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းနှင့် ပုဒ်မ ၆၂ တွင် ဗဟိုဘဏ်ကသာလျှင် ငွေစက္ကူနှင့် ဒင်္ဂါးများ ထုတ်ပိုင်ခွင့်ရှိသည်ဟူ၍ ပြဋ္ဌာန်းထားသည်။
ဥပဒေနှင့်အညီ ထုတ်ဝေထားသည့် ငွေစက္ကူများကို ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပုံသဏ္ဌာန်ပျက်ယွင်းအောင် ပြုလုပ်ခြင်းများကို မပြုလုပ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၉၉၊ ပုဒ်မခွဲ(က)တွင် ပြဋ္ဌာန်းတားမြစ်ထားသည်။
မည်သူမဆို ယင်းတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၃ အရ ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သည်။
ငွေစက္ကူပေါ်တွင် စာသားများ ရေးသားရေးခြစ် ဖော်ပြခြင်းတွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ အများပြည်သူတည်ငြိမ်ရေးကိုဖြစ်စေ ထိခိုက်စေသည့်ပြစ်မှုကို ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် ကြံရွယ်ချက်ရှိလျှင် သို့မဟုတ် ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် သို့မဟုတ် ပြစ်မှုကျူးလွန်လှုံ့ဆော်ခြင်းဖြစ်စေတန်ရာသည့် ကြံရွယ်ချက်ရှိလျှင် ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ (ဂ)နှင့် (ဃ)အရ နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နိုင်ငံတော်တစ်ဝန်းလုံးတွင် ကိုင်တွယ်သုံးစွဲနေသည့် ငွေစက္ကူများကို ဟောင်းနွမ်းပျက်စီးအောင် ကိုင်တွယ်အသုံးပြုမှုကို ရှောင်ရှားပြီး စနစ်တကျ ကိုင်တွယ် သုံးစွဲရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးအတွက် ရိုသေစွာကိုင်တွယ်အသုံးပြုကြပါရန်နှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာထိခိုက်စေမည့် ဆောင်ရွက်ချက်များအား ငွေစက္ကူများပေါ်တွင် မပြုလုပ်မိစေရန်နှင့် ပြုလုပ်မိပါက တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များကို ချိုးဖောက်မှုပြစ်မှုမြောက်စေသည်ဖြစ်၍ အလေးထားကိုင်တွယ် သုံးစွဲကြရန် အသိပေးကြေညာထားသည်။
