



◾️ မိမိတို့နိုင်ငံ၌ နိုင်ငံ့အရေးကို လေးလေးနက်နက်ဖြင့် ဆောင်ရွက်လိုသည့် နိုင်ငံရေးသမားစစ်စစ်များ လိုအပ်နေဆဲဖြစ်သည်ကို ဖြတ်သန်းလာမှုအတွေ့အကြုံများအရ တွေ့ရှိရကြောင်းပါ ပြောကြား
၉. ၁. ၂၀၂၆
Written by Nyein Kyaw
လွပ်လပ် တရားမျှတပြီး သမာသမတ်ရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့်လွှတ်တော် ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့ တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မည်သည့်ဖိအား တစ်စုံတစ်ရာမျှမပါရှိဘဲ မိမိတို့၏လွတ်လပ်သည့် သဘောထားဆန္ဒများအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာဖြင့် ဆန္ဒမဲများပေးခဲ့ကြသည်ကို အားလုံး တွေ့မြင်ခဲ့ကြပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထိုသို့ ပြည်သူများ ဆန္ဒမဲပေးနေမှုများကို နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကလည်း လာရောက်လေ့လာ တွေ့ရှိခဲ့ကြပြီး ကောင်းမွန်သည့် သုံးသပ်ချက်များရှိခဲ့ကာ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
မိမိတို့အနေဖြင့်လည်း ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သမာသမတ်ရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးနှင့် သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
မကြာမီရက်ပိုင်းအတွင်း ရွေးကောက်ပွဲအပိုင်း(၂)နှင့် (၃)တို့ ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး၊ လုံခြုံစိတ်ချမှုအပြည့်ဖြင့် ဆန္ဒမဲများပေးနိုင်ရေး အားလုံးကဝိုင်းဝန်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ရွေးကောက်ပွဲ အပိုင်း(၁)ရလဒ်များကိုလည်း ပြည်သူများအားလုံး ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရေး ထုတ်ပြန်ကြေညာပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ နိုင်ငံ့အရေးကို လေးလေးနက်နက်ဖြင့် ဆောင်ရွက်လိုသည့် နိုင်ငံရေးသမားစစ်စစ်များ လိုအပ်နေဆဲဖြစ်သည်ကို ဖြတ်သန်းလာမှုအတွေ့အကြုံများအရ တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
