



◾️ နိုင်ငံတော် ပညာရေးအတွင်း ပညာတတ်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးနေ
၉. ၁. ၂၀၂၆
Written by Nyein Kyaw
ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားခဲ့မှုများမှာ အသိပညာ၊ အတတ်ပညာ အားနည်းချက်ကြောင့် ဖြစ်သည်ကို တွေ့ရှိရပြီး ယင်းအချက်ကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သာပေါင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားသည်။
မိမိတို့နိုင်ငံဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းတစ်လျှောက်၌ ကြုံတွေ့ခဲ့ရသည့် အရေးအခင်းများ၊ ပဋိပက္ခများ၊ ဆူပူမှုများ၏ အကြောင်းအရင်းကို ကြည့်မည်ဆိုပါက အသိပညာ၊ အတတ်ပညာ အားနည်းသည့် အခြေခံအချက်ဖြစ်သည်ကို တွေ့ရကြောင်း ယာယီသမ္မတက ပြောကြားသည်။
အဆိုပါအချက်ကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ပြည်တွင်း ပဋိပက္ခများဖြစ်ပွားခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်ပညာရေးအတွင်း ပညာတတ်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
သာပေါင်းဒေသတွင် နေထိုင်ကြသည့် မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် ပညာရေးကဏ္ဍမြှင့်တင်ခြင်းကို အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ ညနေပိုင်းတွင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းစက္ကူစက်ရုံ (သာပေါင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။





နိုင်ငံတော်အနေဖြင့် ပြည်တွင်းလိုအပ်ချက်ရှိနေသည့် စက္ကူအမျိုးမျိုးကို နှစ်စဉ် ပြည်ပမှ တင်သွင်းနေရကြောင်း၊ သို့ဖြစ်၍ စက္ကူထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းအားဖြင့် ပြည်ပမှ တင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
စက်မှုကုန်ကြမ်းများဖြစ်သည့် သစ်၊ ဝါးများ လိုအပ်မှုကို ဖြည့်တင်းပေးနိုင်ရန် သစ်၊ ဝါးများ စိုက်ပျိုးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူဖြစ်စေပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ စက္ကူထုတ်လုပ်ရန် အခြေခံလိုအပ်ချက်ဖြစ်သည့် ပျော့ဖတ်ရရှိရေးသည် အရေးကြီးပြီး အရည်အသွေးကောင်းမွန်သည့် စက္ကူများထုတ်လုပ်နိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝါးပျော့ဖတ်ထုတ်လုပ်ရေး စက်ရုံ၌ ဝါးကုန်ကြမ်းများအား အဆင့်ဆင့်ကြိတ်ခွဲခြင်း၊ ရေနွေးငွေ့ဖြင့် ပေါင်းခံခြင်း၊ အရောင်ချွတ်ခြင်း လုပ်ငန်းများနှင့် ပျော့ဖတ်ရရှိလာမှု လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင် ရွက်နေမှုအခြေအနေတို့ကိုလည်းကောင်း၊ တန်(၅၀)အဆင့်မြင့်စက္ကူစက်ရုံတွင် အဆင့် မြင့် စက္ကူထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ထုတ်လုပ်ထားသည့် အဆင့်မြင့်စက္ကူများကိုလည်းကောင်း၊ တန်(၆၀)သတင်းစာစက္ကူစက်ရုံတွင် သတင်းစာစက္ကူထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊ စွမ်းအင်လောင်စာတောင့်စက်ရုံတွင် လောင်စာတောင့် ထုတ်လုပ်နေမှုအဆင့်ဆင့်ကိုလည်းကောင်း စက်ရုံတစ်ခုချင်းစီအလိုက် အသီးသီးလိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။
