





MT News
၉. ၁. ၂၀၂၆
တောကျွဲအင်းမြို့ အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်း ဒေသက စစ်စခန်း (၁၄) ခုကို တိုက်ခိုက်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀ ခန့် သတ်ခဲ့သလို နိုင်ငံပိုင်ရုံးတွေပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG က ဒီည ဝန်ခံလာပါတယ်။
ပဲခူးတိုင်း၊ တောကျွဲအင်းမြို့ (အောင်မြင်မြို့)၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဒေသ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နဲ့ ကျွဲပွဲအကြား စည်ပင်သာကျေးရွာက တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်း တံတားမှာ အထိုင်ချထားတဲ့ တပ်ကင်းစခန်း အပါအဝင် တပ်စခန်း (၁၄) ခုကို NUG ရဲ့ PDF တွေက ဇန်နဝါရီလ (၉) ရက်နေ့ နံနက်မှာ တိုက်ခိုက်ချေမှုန်းခဲ့တယ် ပြောပါတယ်။
PDF အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင် (၅၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက်မှာ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားလို့ အမည်တပ်ပြီး နိုင်ငံပိုင် အဆောက်အဦတွေ၊ ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့တယ်လို့ NUG ရဲ့ ဝန်ခံချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တောကျွဲအင်းမြို့ နယ်မြေရဲစခန်းမှာ ဖမ်းဆီးထားတဲ့ တရားခံ ၈ ဦးကိုလည်း PDF တွေက ပြန်လွတ်ပေးခဲ့တဲ့အပြင် ညောင်လေးပင်မြို့နဲ့ ပိန်းဇလုပ်မြို့ကြား ရန်ကုန် – မန္တလေးလမ်းဟောင်းမှာလည်း စစ်ဆေး ဆောင်ရွက်မှု ပြုလုပ်ခဲ့တယ် ပြောပါတယ်။
တောကျွဲအင်းမြို့ကို စီးနင်းသတ်ဖြတ်မီးရှို့တဲ့ ကျူးလွန်မှုကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်က အမှတ်(၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုအောက်က P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပါင်းတပ်ဖွဲ့နဲ့ အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ်ပကဖ တို့ ပူးပေါင်း ကျူးလွန်ခဲ့တယ်လို့လည်း ဝန်ခံထားပါတယ်။
