MT News
၁၀. ၁. ၂၀၂၆
ကချင်ပြည်နယ်သည် တစ်ဖက်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသများ၌ တရားမဝင်ကုန်စည်စီးဆင်းမှုများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုစသည့် တရား ဥပဒေနှင့်ဆန့်ကျင်သည့် ဖြစ်ရပ်များကြောင့် ပြည်နယ်အလှကို ပျက်စီးစေပြီး ပြည်နယ်၏ ဂုဏ်သိက္ခာကျဆင်းစေသဖြင့် ထိုသို့ ဥပဒေမဲ့ လုပ်ရပ်များကို ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်သူအားလုံးက ဆန့်ကျင်တိုက်ဖျက်ကြရန် လိုအပ်ကြောင်းနှင့် တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်းဖော်ဆောင်ကြရန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပြောကြားသည်။
မိမိတို့အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် မဲမသမာမှုကြောင့် ကြုံတွေ့လာမည့်အန္တရာယ်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံ့တာဝန်ကို ယူခဲ့ရခြင်းဖြစ်ပြီး ထိုသို့ တာဝန်ယူပြီးနောက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက် ပြည်သူ လူထု၏ လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ခိုင်မာစွာ လျှောက်လှမ်းလျက်ရှိရာ ကချင်တိုင်းရင်းသားများအပါအဝင် ပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်နေသည်ဟု ယာယီသမ္မတက ဆိုသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တည်ငြိမ် ငြိမ်းချမ်းစွာ ဖြေရှင်းကြရမည်သာ ဖြစ်ပြီး ယခုကဲ့သို့ တိုင်းရင်းသားဒေသ အသီးသီးက လက်နက်အားကိုးဖြင့် နိုင်ငံအတွက် ကောင်းကျိုးမဖြစ်နိုင်သည့် တိုက်ခိုက်မှုများ၊ တောင်းဆိုမှုများသည် ဒီမိုကရေစီနှင့် ဆန့်ကျင်သည့် အကြမ်းဖက်စနစ်သာဖြစ်ပြီး မိမိတို့တိုင်းရင်းသားများကို မိမိတို့ ကိုယ်တိုင် ပြန်လည်ဒုက္ခပေးနေခြင်းပင်ဖြစ်ကြောင်း သတိထားဆင်ခြင် သုံးသပ်သင့်ကြပြီ ဖြစ်သည်။ ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခ များ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည့် အချိန်အခါဖြစ်ကြောင်းလည်း ယာယီသမ္မတက အသိပေး မှာကြားသည်။
ထို့အတူ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲစေရန် ဒေသနှင့်တိုင်းရင်းသားများအကျိုးကို တရားဥပဒေနှင့်အညီ ဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်ရန် လိုအပ်နေသည်။ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ နိုင်ငံ့ဝန်ထမ်းများနှင့်အတူ တိုင်းရင်း သား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း ယာယီသမ္မတက တိုက်တွန်းသည်။
အလားတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက်မှာလည်း နိုင်ငံ တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်း ဖက်မှုများမှ ကင်းဝေးရန်လိုအပ်သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ဆက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အကြမ်းဖက် အဖွဲ့များအနေဖြင့် ပြည်နယ်အကျိုး၊ ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအကျိုးကို ရှေးရှုပြီး တိုက်ပွဲများရပ်တန့်စေရေး၊ ဆူပူအကြမ်းဖက်မှုများ ပပျောက်စေရေးတို့ကို အလေးထား ဆောင်ရွက်ကြရန် အချိန်အခါ သင့်နေပြီဖြစ်ကြောင်းလည်း ယာယီသမ္မတက အသိပေး တိုက်တွန်းမှာကြားသည်။
ယခုအခါ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ပါတီစုံဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေး ဦးတည်ချက်များ ချမှတ်၍ ကြိုးစားဆောင်ရွက်လျက်ရှိသည်။ “နိုင်ငံတော်၏ အကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ ပြည်သူ့ကိုယ်စားလှယ်လောင်းများ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက် ဆောင်ရွက်ရေး” “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်များကို အကောင်အထည် ဖော်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ဆက်လက်၍ အပိုင်း (၂)နှင့် (၃)တို့ကို ဆက်လက်ကျင်းပပြီး ပေါ်ပေါက်လာမည့် အစိုးရအား မိမိတို့တာဝန်ယူထားသည့် နိုင်ငံ့တာဝန်များကို မကြာမီ လွှဲပြောင်းပေးသွားမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်မှာ ရွေးကောက်ပွဲပင်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူများ အနေဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးနှင့် ပါတီစုံဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဝိုင်းဝန်းပါဝင် ပူးပေါင်းဆောင်ရွက်ကြရန် အလေးထားတိုက်တွန်းအပ်ကြောင်းလည်း ယာယီသမ္မတက သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။
ယင်းအပြင် ကချင်ပြည်နယ်သည် တစ်ဖက်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသများ၌ တရားမဝင်ကုန်စည်စီးဆင်းမှုများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု စသည့် တရားဥပဒေနှင့်ဆန့်ကျင်သည့် ဖြစ်ရပ်များကြောင့် ပြည်နယ်အလှကို ပျက်စီးစေပြီး ပြည်နယ်၏ ဂုဏ်သိက္ခာကျဆင်းစေသည်။ ထိုသို့ ဥပဒေမဲ့ လုပ်ရပ်များကို ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်သူအားလုံးက ဆန့်ကျင်တိုက်ဖျက်ကြရန် လိုအပ်ကြောင်းနှင့် တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်းဖော်ဆောင်ကြရန်လည်း ယာယီသမ္မတက အလေးထားမှာကြားသည်။
