သက်တံ့
၇. ၁. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၊ North Sulawesi ပြည်နယ်တွင် သည်းထန်စွာရွာသွန်းသော မိုးကြောင့် လျှပ်တပြက်ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
လျှပ်တပြက် ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံးကျွန်းဖြစ်သော ဆူလာဝေစီကျွန်း မြောက်ဘက်ဖျားမှ ကီလိုမီတာ ၁၃၀ (မိုင် ၈၀) ခန့်အကွာတွင်ရှိသည့် စီယောင်ကျွန်းငယ်ပေါ်ရှိ ကျေးရွာ လေးရွာတွင် ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့သည်။ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူမူဟာရီ၏ အဆိုအရ ရက်ပေါင်းများစွာ ရွာသွန်းခဲ့သည့် မုတ်သုန်မိုးကြောင့် တနင်္လာနေ့ (ဇန်နဝါရီ ၅ ရက်) အစောပိုင်းတွင် မြစ်ရေများလျှံတက်ကာ ရွှံ့နွံများ၊ ကျောက်တုံးများနှင့် အမှိုက်သရိုက်များ ရောနှောနေသည့် ရေစီးကြောင်းများက လူများကို မျောပါစေခြင်းနှင့် ကျေးရွာများကို နစ်မြုပ်စေခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ ကူညီပံ့ပိုးထားသော အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို အဆိုပါနေရာများသို့ စေလွှတ်ထားသော်လည်း အချို့နေရာများတွင် လမ်းများပျက်စီးခြင်းနှင့် ဆက်သွယ်ရေးပြတ်တောက်ခြင်းတို့ကြောင့် သွားလာရေး အခက်အခဲရှိနေသည်။ နေအိမ် အနည်းဆုံး ၇ လုံးမှာ ရေနှင့်အတူ မျောပါသွားပြီး အိမ်ခြေ ၁၄၀ ကျော် ပျက်စီးခဲ့သည်။ ရေကြီးမှုကြောင့် ဒေသခံ ၆၈၀ ကျော်သည် ဘုရားကျောင်းများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများရှိ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ခဲ့ကြရသည်။
အင်္ဂါနေ့တွင် ရာသီဥတုပြန်လည်ကောင်းမွန်လာပြီး ရေပြန်ကျသွားချိန်တွင် ကယ်ဆယ်ရေးသမားများက ရုပ်အလောင်း ၁၆ လောင်းကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ပျောက်ဆုံးနေသူ ၃ ဦးကို ဆက်လက်ရှာဖွေနေရဆဲဖြစ်သည်။ စီတာရိုခရိုင်အုပ်ချုပ်ရေးမှူး ချင်သီယာ အင်ဂရစ် ကလန်ဂစ်ကမူ အကူအညီများပေးအပ်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံ ပြုပြင်ခြင်းများကို လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တနင်္လာနေ့မှစတင်၍ ၁၄ ရက်ကြာ အရေးပေါ်တုံ့ပြန်မှုကာလအဖြစ် ကြေညာခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးကျွန်းဖြစ်သော ဆူမားတြား (Sumatra) ကျွန်းတွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဆိုးရွားသော ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ရာ မြို့ပေါင်း ၅၂ မြို့တွင် လူပေါင်း ၁,၁၇၈ ဦး သေဆုံးခဲ့ပြီး ၇,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ၁၄၈ ဦးမှာ အင်္ဂါနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီက ထုတ်ပြန်ထားသည်။
အင်ဒိုနီးရှားနိုင်ငံသည် မိုးရာသီအတွင်း သည်းထန်စွာရွာသွန်းမှုနှင့် ပထဝီဝင်အနေအထားအရ အားနည်းချက်များရှိခြင်းကြောင့် လျှပ်တပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များကို မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။
Ref : ABC News

