◾️ ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ လမ်းပိုင်းနှင့် တံတားတချို့ကို ၂၀၂၆ ခုနှစ် မတ်လတွင် ပြီးစီးအောင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ
၇. ၁. ၂၀၂၆
Written by Nyein Kyaw
မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ တံတားအချို့ကို ယာယီအစီအစဉ်ဖြင့် လတ်တလော ဆောင်ရွက်ထားခြင်းဖြစ်၍ သတ်မှတ်တန်ချိန်ဖြင့်သာ ဖြတ်သန်းသွားလာရန် အလွန်အရေးကြီးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ယမန်နေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ရန်ကုန်- နေပြည်တော်လမ်းပိုင်း)ရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များနှင့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။
ထို့ပြင် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးနှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် တံတားအချို့ကို ယာယီအစီအစဉ်ဖြင့် ဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း၊ ထို့ကြောင့် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များသည် သတ်မှတ်တန်ချိန်များဖြင့် ဖြတ်သန်းသွားနိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ တိုးလ်ဂိတ်ရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေဖြင့် ခရီးသွားပြည်သူများ အပါအဝင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ၏ တာဝန်ရှိသူများအား နားလည်သဘောပေါက်စေရန် လက်ကမ်းစာစောင်များဖြန့်ဝေ၍ အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ခရီးသွားပြည်သူများ ဘေးကင်းစွာသွားလာနိုင်မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ၁၁၅ မိုင်(ဖြူး) တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခ ကောက်ခံနေမှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို မှာကြားကာ အမြန်လမ်းမကြီးတစ်လျှောက် လမ်းပြုပြင်ထိန်းသိမ်းနေမှု၊ ကွန်ကရစ်လမ်းခြင်းလုပ်ငန်းနှင့် ကတ္တရာကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစေဆေးခဲ့သည်။
