၇.၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်အနေနဲ့ ဂရင်းလန်ကျွန်းကို အမေရိကန်က ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ လေ့လာနေပြီး အမေရိကန်စစ်တပ်ကို အသုံးပြုတာက အမြဲတမ်း ရွေးချယ်စရာနည်းလမ်းတစ်ခုဖြစ်တယ်လို့ အိမ်ဖြူတော်က ဇန်နဝါရီလ ၆ ရက်မှာ ပြောကြားခဲ့ပြီးနောက်မှာတော့ နေတိုးအဖွဲ့ဝင်မဟာမိတ် ဒိန်းမတ်နိုင်ငံနဲ့ အမေရိကန်ကြား တင်းမာမှုတွေကို ပိုလို့မြင့်တက်စေခဲ့ပါတယ်။
အမေရိကန်အစိုးရက ဒိန်းမတ်နိုင်ငံအစိုးရနဲ့ ဂရင်းလန်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရ နှစ်ခုစလုံးကို အထင်အမြင်လွဲမှားမှုတွေကို ဖြေရှင်းဖို့ အမေရိကန်နဲ့အမြန်ဆုံးတွေ့ဆုံရေး တောင်းဆိုနေပေမယ့် ခုလို ပြင်းထန်တဲ့သတိပေးပြောကြားချက်ကလည်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားကို အမေရိကန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုက မထုတ်ယူရသေးတဲ့ မြေရှားသတ္တု အရင်းအမြစ်တွေရှိပြီး ဝင်ရိုးစွန်းရေခဲတွေအရည်ပျော်ရာက သင်္ဘောလမ်းကြောင်းအသစ်တွေ ပေါ်ထွန်းကာအရေးပါတဲ့ခရီးသွားနေရာလည်းဖြစ်လာနိုင်တဲ့ အာတိတ်ဒေသရှိ ဒိန်းမတ်ပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနယ်မြေ ဂရင်းလန်းကျွန်းအပေါ် ထရမ့်ပ်ရဲ့ အကြံအစည်တွေကို ပြန်လည်အသက်သွင်းရှင်သန်စေခဲ့တာလည်းဖြစ်ပါတယ်။
အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအတွင်းရေးမှူး ကာရိုလိုင်း လီဗစ်က ရုရှားနဲ့ တရုတ်ကဲ့သို့ ရန်သူတွေကိုတားဆီးဖို့အတွက် ဂရင်းလန်းကို ရယူတာက အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေး ဦးစားပေးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သမ္မတနဲ့ အဖွဲ့ဟာ အရေးကြီးတဲ့ နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်ကို လိုက်နာဆောင်ရွက်ဖို့ ရွေးချယ်စရာ နည်းလမ်းများစွာကို ဆွေးနွေးနေကြပြီး အမေရိကန်စစ်တပ်ကို အသုံးပြုခြင်းက စစ်ဦးစီးချုပ်ရဲ့ ရွေးချယ်မှုတစ်ခုဖြစ်တယ်လို့ ကာရိုလိုင်းက AFP ကို ကြေညာချက်တစ်စောင်ထုတ်ပြန်ရာမှာ ဖော်ပြခဲ့ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်းနဲ့ပတ်သက်လို့ ထရမ့်ပ်ရဲ့ ပြန်လည်တောင်းဆိုမှုတွေက အမေရိကန်နဲ့ နေတိုးမဟာမိတ်ဖွဲ့မှုကို ပြိုကွဲစေနိုင်တယ်လို့ ဥရောပမှာ စိုးရိမ်မှုတွေ တိုးပွားခဲ့ရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဒိန်းမတ်နိုင်ငံအစိုးရနဲ့ ဂရင်းလန်းကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသအစိုးရတို့ကို အဆိုပါကိစ္စကို ဆွေးနွေးဖို့နဲ့ အမြန်ဆုံးတွေ့ဆုံကြဖို့ အစောပိုင်းက တောင်းဆိုခဲ့ပါသေးတယ်။
ဂရင်းလန်း နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်မေ့ာဇ်ဖက်က “ယခုအချိန်အထိ မဖြစ်နိုင်သေးပါ” လို့ လူမှုမီဒီယာမှာ ရေးသားခဲ့ပြီး “ဂရင်းလန်းနဲ့ ဒိန်းမတ်အစိုးရတွေက ၂၀၂၅ ခုနှစ်တစ်လျှောက်လုံး ဝန်ကြီးအဆင့် တွေ့ဆုံဖို့ တောင်းဆိုထားတာပါ” လို့ပြောခဲ့ပါတယ်။
ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်နဲ့ ဒိန်းမတ်ခေါင်းဆောင်တွေက ဇန်နဝါရီလ ၆ ရက်မှာ ဒိန်းမတ်နိုင်ငံကိုထောက်ခံတဲ့ ပူးတွဲကြေညာချက်တစ်စောင်ထုတ်ခဲ့ကြရာမှာ “ဂရင်းလန်းကျွန်းသည် ၎င်းတွင်နေထိုင်သူ ပြည်သူတွေအပိုင်ဖြစ်ပြီး ဒိန်းမတ်နဲ့ ဂရင်းလန်းတို့သာ သူတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်သည့်ကိစ္စရပ်တွေကို ဆုံးဖြတ်နိုင်တယ်” လို့ ပြောကြားခဲ့ကြပါတယ်။
ဥရောပခေါင်းဆောင်တွေရဲ့ ပူးတွဲကြေညာချက်မှာ အာတိတ်လုံခြုံရေးက နိုင်ငံတကာနဲ့ အတ္တလန္တိတ်ဖြတ်ကျော်လုံခြုံရေးအတွက် အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
Ref : AFP
