◾️ ယင်းဈေးနှုန်းအပေါ် မလိုက်နိုင်၍ ပြည်သူများ ဈေးနှုန်းထိုင်စောင့်နေမှုကြောင့် အရောင်းအဝယ်မဖြစ်
၇. ၁. ၂၀၂၆
Written by Nyein Kyaw
ပြည်တွင်းရွှေဈေးနှုန်း ကျပ်သိန်း ၉၀ ကျော်နေခြင်းသည် ပြည်တွင်း/ပြည်ပ နိုင်ငံရေးနှင့် မသက်ဆိုင်ဘဲ မသမာသူတချို့က ၎င်းတို့လိုချင်သည့် ရွှေဈေးနှုန်းရောက်ရှိလာအောင် ဈေးဆွဲတင်နေမှုကြောင့်သာဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ယနေ့အချိန်အထိ ပြည်တွင်း ရည်ညွှန်းရွှေဈေးအား အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၆၀ သတ်မှတ်ထားသော်လည်း မသမာသူများ၏ ဈေးနှုန်းဆွဲတင်မှုကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလအလယ်မှစတင်ကာ ပြင်ပဈေးကွက်တွင် ကျပ်သိန်း ၉၀ နှင့်အထက်သို့ စတင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဈေးနှုန်းဆွဲတင်မှုကြောင့် ဖြစ်ပေါ်လာသည့် ရွှေဈေးနှုန်းအပေါ် မကြိုက်သည့်သူများကလည်း အရောင်းအဝယ်မပြုတော့သလို ပြည်သူများကလည်း ဈေးနှုန်းထိုင်စောင့်နေသည့်အခြေအနေများကြောင့် လက်ရှိတွင် အရောင်းအဝယ်မဖြစ်ကြောင်း YGEA ဥက္ကဋ္ဌက ပြောကြားသည်။

“ဒီထဲမှာတော့ အရောင်းအဝယ်မဖြစ်ပါဘူး။ ဒါတွေက အပြင်ဈေးတွေ။ နိုင်ငံရေးနဲ့လည်း မပတ်သက်ဘူး။ လူတွေက ပိုက်ဆံလည်းမရှိတော့ဘူး။ ဒီဈေးတွေနဲ့ မလိုက်နိုင်တာပေါ့။ ဒီဈေးအမြင့်ကို မကြိုက်တဲ့အခါကြတော့ လူတွေက အရောင်းအဝယ်မလုပ်တော့ဘူး။ အကုန်ရပ်သွားတဲ့သဘောပဲ။ ဒါက ဈေးမြင့်လာတာမဟုတ်ဘူး။ သူတို့လိုချင်တဲ့ ဈေးနှုန်းပေါက်လာအောင် တချို့ တရားမဝင် Page တွေကနေ ကောလာဟလနဲ့ ဆွဲတင်ဆွဲမတွေရှိတယ်။ အဲဒါကိုပဲ သတိထားရမှာ။ ပြည်သူတွေအားလုံးက လက်ရှိမှာ ဈေးထိုင်စောင့်နေတဲ့အခြေအနေပဲ” ဟု YGEA ဥက္ကဋ္ဌက ပြောကြားသည်။
ပြင်ပဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားမှာ ဇန်နဝါရီ ၁ ရက်တွင် ၉,၁၂၀,၀၀၀ ကျပ်၊ ဇန်နဝါရီ ၂ ရက်တွင် ၉,၁၅၀,၀၀၀ ကျပ်၊ ဇန်နဝါရီ ၃ ရက်တွင် ၉,၁၆၀,၀၀၀ ကျပ်၊ ဇန်နဝါရီ ၄ ရက်တွင် ၉.၂၀၀,၀၀၀ ကျပ်၊ ဇန်နဝါရီ ၅ ရက်တွင် ၉,၃၀၀,၀၀၀ ကျပ်၊ ဇန်နဝါရီ ၆ ရက်တွင် ၉,၃၇၀,၀၀၀ ကျပ်၊ ဇန်နဝါရီ ၇ ရက် (ယနေ့)တွင် ၉,၄၀၀,၀၀၀ ကျပ်ဖြစ်ပေါ်ခဲ့ပြီး ရည်ညွှန်းစျေးထက် ကျပ်သိန်း ၃၀ ကျော်မြင့်တက်နေသည်။

