၇.၁.၂၀၂၆
Translated by Htwe Ko Tun
လူနေမှုစရိတ်တွေ မြင့်တက်လာမှုနဲ့အတူ အီရန်နိုင်ငံမှာဆန္ဒပြမှုတွေက ဇန်နဝါရီလ ၆ ရက်မှာ ဆယ်ရက်မြောက်နေ့အဖြစ် မြို့တော်တီဟီရန်ရဲ့ခမ်းနားလှတဲ့ ဂရင်းဈေးကြီးမှာ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲမှာ တီဟီရန်ဂရင်းဈေးမှာ ထိုင်သပိတ်ဆင်နွှဲနေတဲ့ ဆန္ဒပြသမားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေအသုံးပြုကာ တိုက်ခိုက် လူစုခွဲခဲ့ကြတယ်လို့ သိရပါတယ်။
မျက်မြင်တွေ့ရှိသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တီဟီရန်မြို့ရဲ့ အဓိကဈေးကြီးဖြစ်တဲ့ ဂရင်းဈေးမှာ စုဝေးနေတဲ့ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ကြတယ်လို့ ပြောခဲ့ကြပါတယ်။ သတင်းတွေအရ ဆန္ဒပြသူတွေဟာ ထိုင်သပိတ် မှောက်ဆန္ဒပြနေကြတုံး ဘာသာရေးအာဏာပိုင်တွေကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြတယ်လို့ သိရပါတယ်။။


လုံခြုံရေးတပ်ဖွဲ့တွေက စုဝေးနေသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ရာမှာ မီးခိုးငွေ့တွေကြားကနေ ထွက်ပြေးဖို့ အပြေးအလွှားကြိုးစားနေကြတဲ့ ဆန္ဒပြသမားတွေကို တွေ့ကြရပါတယ်။
အီရန်မီဒီယာတွေက ဖော်ပြတဲ့ တရားဝင်ကိန်းဂဏန်းတွေအရ နေထိုင်စရိတ် မြင့်တက်လာတာအပေါ် မကျေနပ်လို့ ဖြစ်ပွားလာတဲ့ ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံးလူ ၁၂ ဦး သေဆုံးခဲ့ရပြီလို့ ဆိုပါတယ်။
ပြည်ပအခြေစိုက် အီရန်တက်ကြွလှုပ်ရှားသူတွေကတော့ ဆန္ဒပြသူ အနည်းဆုံး ၂၇ ဦး သေဆုံးပြီး ၁,၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ပြောကြားခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ဆန္ဒပြသူတွေ ပိုမိုသေဆုံးနေဦးမယ်ဆိုရင် အီရန်အစိုးရအပေါ် အမေရိကန်က ပြင်းထန်စွာ အရေးယူရလိမ့်မယ်လို့ ဇန်နဝါရီလ ၄ ရက်က သတိပေးခဲ့ပါတယ်။
အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂက ပိတ်ဆို့မှုတွေပြုလုပ်အပြီးမှာတော့ အီရန်နိုင်ငံသုံး ရီယယ် ငွေကြေးပြိုလဲပြီးနောက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး တစ်ဒေါ်လာ(ယူရို ၀.၈၆) ဟာ ရီယယ် ၁ ဒသမ ၄ သန်းခန့် တန်ဖိုးရှိတဲ့အထိ အီရန်ငွေကြေးတန်ဖိုးကျခဲ့ပါတယ်။
အီရန်ဟာ ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှုနှုန်းကိုလည်း ရင်ဆိုင်နေရတဲ့အတွက် အသားနဲ့ ဆန်ကဲ့သို့ အဓိက စားသောက်ကုန်တွေရဲ့ ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
ဆန္ဒပြပွဲတွေက ကျယ်ပြန့်တဲ့ပြောင်းလဲမှုတွေပြုလုပ်ဖို့အတွက် တောင်းဆိုမှုတွေအဖြစ် ကျယ်ပြန့်လာပြီးနောက် တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့တာပါ။
စီးပွားရေးဖိအားတွေကို တုံ့ပြန်တဲ့အနေနဲ့ အစိုးရက လေးလတာကာလအတွက် ခုနှစ် ဒေါ်လာခန့်နဲ့ ညီမျှတဲ့ ယာယီလစဉ်ထောက်ပံ့ကြေးကို ကြေညာခဲ့ပါတယ်။
Ref : DW News
