၇.၁.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ ချာလောင်းဆိပ်ခံတံတားမှာ ဒီနေ့ ဇန်နဝါရီလ ၇ ရက်နံနက်က အရုဏ်ချိန်မတိုင်မီမှာ ပဲ မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့တာမှာ မြန်နှုန်းမြင့်ရှပ်ပြေးမော်တော်ဘုတ် ၂၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဖူးခက်ပြည်နယ် အုပ်ချုပ်ရေးမှူးက မီးလောင်မှုရဲ့ အကြောင်းရင်းကိုစုံစမ်းစစ်ဆေးဖို့၊ CCTV စစ်ဆေးဖို့နဲ့ ပင်လယ်ပြင်မှာ ရေနံပျံ့နှံ့မှုကို ကာကွယ်ဖို့ အရေးပေါ်အစီအမံများ ချမှတ်ဆောင်ရွက်ရေးအတွက်ပါ အမိန့်ပေးခဲ့ပါတယ်။
မူးခရိုင်၊ ချာလောင်းခရိုင်ခွဲရှိ ဆိပ်ခံတံတားမှာ နံနက် ၄ နာရီခန့်မှာ မြန်နှုန်းမြင့်မော်တော်ဘုတ် မီးလောင်မှုဖြစ်ပွားနေတယ်ဆိုတာ ချာလောင်းရဲစခန်းနဲ့ ကယ်ဆယ်ရေးလုပ်သားတွေထံ အကြောင်းကြားခဲ့ပါတယ်။
ဖူးခက်ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး အဒူလ်ချူသောင်က ပြည်နယ်က မီးလောင်မှုကိုသိရှိပြီးတာနဲ့ အဖွဲ့အစည်းတွေကို အခြေအနေကို အမြန်ဆုံးထိန်းချုပ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ မျက်မြင်တွေ့ရှိသူတွေနဲ့ တာဝန်ရှိသူတွေထံမှ ကနဦးသတင်းတွေအရ ပထမဆုံးမော်တော်ဘုတ်တစ်စီးပေါ်မှာ မီးစတင်လောင်ကျွမ်းပြီး ပင်လယ်လေတိုက်ခတ်မှုက မီးလောင်နေသော အပိုင်းအစ အပျက်အစီးတွေကို အနီးနားရှိ အခြားသင်္ဘောတွေဆီ သယ်ဆောင်သွားပြီးနောက် မီးက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့တာလို့ ဆိုကြပါတယ်။
အစောပိုင်းအကဲဖြတ်ချက်များအရ မြန်နှုန်းမြင့်လှေ ၂၀ ကျော် ပျက်စီးသွားတယ်ဆိုပါတယ်။ ချာလောင်းမြူနီစီပယ်၊ ရာဝိုင်မြူနီစီပယ်၊ ဝီချစ်မြူနီစီပယ်နဲ့ ကာရွန်မြူနီစီပယ်တို့မှ မီးသတ်အဖွဲ့တွေက အခြားအေဂျင်စီအဖွဲ့တွေနဲ့အတူ မီးသတ်ကားတွေနဲ့ တပ်ဖွဲ့ဝင်တွေကို အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် စေလွှတ်ခဲ့ကြပါတယ်။ အရာရှိတွေက မီးလျှံတွေကို ထိန်းချုပ်ဖို့ ရေဖြန်းတာနဲ့ မော်တော်ဘုတ်တွေကို ကြိုးများဖြတ်တောက်ပြီး တတ်နိုင်သမျှ ဝေးဝေးခွဲထားဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီရေကျနေချိန်ဖြစ်လို့ ရေနည်းတဲ့အတွက် မီးသတ်လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်ခဲ့ပြီး ဝင်ရောက်ရန် ခက်ခဲကာ မီးကို ချက်ချင်းထိန်းချုပ်နိုင်ခြင်း မရှိခဲ့တာလို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူး နီရတ် ပေါင်ဆစ်သာဗွန်က ဖူးခက်ရေကြောင်းရုံးအား မီးငြှိမ်းသတ်ဖို့နဲ့ ပင်လယ်ထဲမှာ ရေနံတွေမပျံ့နှံ့စေဖို့အတွက် အမြှုပ်များရယူဆောင်ရွက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဆိပ်ခံတံတားနဲ့ အနီးတစ်ဝိုက်ရှိ လမ်းကြောင်းတွေမှ CCTV မှတ်တမ်းတွေကို ပြန်လည်သုံးသပ်တာအပါအဝင် နေရာကို စစ်ဆေးရန်နဲ့ အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့လည်း ရဲနဲ့ မှုခင်းဆိုင်ရာအရာရှိတွေကိုလည်း ညွှန်ကြားခဲ့ပါတယ်။ အနီးအနားရှိကျွန်းတွေကို ခရီးသွားတွေ ခေါ်ဆောင်သွားဖို့ ပြင်ဆင်ထားလို့ မော်တော်ဘုတ်အများစုမှာ လောင်စာဆီတွေ ဆီတိုင်ကီအပြည့်ရှိတယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။
နောက်ဆုံးပျက်စီးဆုံးရှုံးမှုအကဲဖြတ်ချက်အရ ထိခိုက်ခဲ့ရတဲ့ မော်တော်ဘုတ်အရေအတွက်မှာ ၂၀ ကျော် အထိ ရှိနေပါတယ်။ လှေပိုင်ရှင်တစ်ဦးက သူ့ရဲ့ မြန်နှုန်းမြင့်မော်တော်ဘုတ်သုံးစင်း ပျက်စီးခဲ့ပြီး တစ်စီးလျှင် ဘတ် ၅ သန်းတန်ဖိုးရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref- Nation.Thailand.com



