၇. ၁. ၂၀၂၆
MT News Editorial
ဂျာမန်ဒဿနပညာရှင် Friedrich Nietzsche က “မကောင်းဆိုးဝါးကို တိုက်ခိုက်သူသည် မိမိကိုယ်တိုင် မကောင်းဆိုးဝါးအဖြစ် အသွင်မပြောင်းသွားစေရန် သတိပြုရမည်”(He who fights with monsters might look to it that he himself does not become a monster.) ဟု သတိပေးခဲ့ဖူးသည်။ ယနေ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် NUG နှင့် PDF တို့၏ လက်နက်ကိုင်လမ်းစဉ်သည် ထိုသတိပေးချက်ကို မျက်ကွယ်ပြုကာ မျိုးဆက်သစ် အာဏာရှင် မကောင်းဆိုးဝါးများကို အရှိန်အဟုန်ဖြင့် မွေးထုတ်ပေးနေပြီဖြစ်သည်။ တစ်ချိန်က “ပြည်သူ့သားလေးများ” ဟု အမည်ခံကာ ပြည်သူ့အလှူငွေဖြင့် ဝယ်ယူသော လက်နက်ကို ကိုင်စွဲခဲ့သူတို့သည် ယနေ့တွင် ထိုလက်နက်အားကိုးဖြင့်ပင် ပြည်သူကို ပြန်လည်နှိပ်စက်သည့် “အော်တီဂါလက်သစ်” များအဖြစ်သို့ အတိအလင်း ကူးပြောင်းသွားကြပြီ ဖြစ်သည်။
နီကာရာဂွါနိုင်ငံ၏ လက်ရှိသမ္မတ ဒန်နီရယ် အော်တီဂါ (Daniel Ortega) သည် တစ်ချိန်ကမူ ရက်စက်လှသည့်အပြင် နိုင်ငံ့အာဏာကို နှစ် ၄၀ ကျော်ကြာချုပ်ကိုင်ပြီး တိုင်းပြည်ဘဏ္ဍာ ၂၅ ရာခိုင်နှုန်းခန့် ကိုယ်ကျိုးသုံးနေသော ဆိုမိုဇာအာဏာရှင်ကို ပြည်သူနှင့်အတူ တိုက်ပွဲဝင်ဖြုတ်ချခဲ့သည့် “တော်လှန်ရေးသူရဲကောင်း” ဖြစ်ခဲ့သည်။ သို့သော် အော်တီဂါ အာဏာရချိန်တွင်မူ သူသည် ဆိုမိုဇာထက်ပင် ဆိုးယုတ်သော အာဏာရှင်အဖြစ် အသွင်ပြောင်းကာ နိုင်ငံနှင့်ပြည်သူကို နှစ်ပေါင်း ၂၀ ခန့်ကြာ ပြန်လည်ဖိနှိပ်ခဲ့သည့်သာဓကမှာ ယနေ့ မျက်မြင်ဖြစ်သည်။ ယခု မြန်မာ့မြေပေါ်မှ NUG/PDF အာဏာရှင်လက်သစ်များသည် အာဏာပင်မရသေးမီ လက်နက်ရှိရုံဖြင့်ပင် အော်တီဂါထက် ပိုမိုရက်စက်ပြနေကြသည်မှာ အနာဂတ်မြန်မာနိုင်ငံအဖို့ ရင်လေးဖွယ်ရာပင်ဖြစ်သည်။
NUG နှင့် PDF များသည် ပြည်သူ့ထံမှ အတင်းအဓမ္မ ဆက်ကြေးကောက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ မလှူဒါန်းပါက သတ်ဖြတ်ခြင်း၊ သဘောထားမတိုက်ဆိုင်သူကို “ဒလန်” ဟု ခေါင်းစဉ်တပ်ကာ လုပ်ကြံခြင်းတို့အပြင်၊ ပြည်သူကိုသာမက PDF အချင်းချင်းပင် ယုတ်မာလွန်းစွာကျူးလွန်သည့် မုဒိမ်းမှုများနှင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးမှု သတင်းများမှာလည်း စိတ်မသက်သာဖွယ် အတိအလင်း ထွက်ပေါ်နေသည်။ ၎င်းတို့၏လုပ်ရပ်များသည် “သိုးရေခြုံထားသော ဝံပုလွေများ”(A wolf in sheep’s clothing.) ကဲ့သို့ ဒီမိုကရေစီအမည်ခံကာ အာဏာရှင်ထက်ဆိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေခြင်းသာဖြစ်သည်။ ထိုသို့ကျုးလွန်နေမှုများမှာ တော်လှန်ရေးမဟုတ်ဘဲ တိုင်းပြည်ကို ချောက်ထဲသို့ တွန်းပို့နေသည့် ရာဇဝတ်မှုများကို လက်နက်အားကိုးဖြင့် လွယ်လင့်တကူ ကျူးလွန်နေခြင်းသာ ဖြစ်သည်ကိုလည်း ပြည်သူများ မြင်သိချိန်တန်ပြီဖြစ်သည်။
NUG နှင့် PDF တို့သည် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ပြည်သူ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ကာ “အလုံးစုံပျက်သုဉ်းခြင်း” (Zero-sum game) လမ်းစဉ်ကို လျှောက်လှမ်းနေခြင်းမှာ တိုင်းပြည်အတွက် အဖြေမဟုတ်တော့သည်မှာ ထင်ရှားလှသည်။ “ငရဲသို့သွားရာလမ်းကို ကောင်းသောရည်ရွယ်ချက်များဖြင့် ခင်းထားတတ်သည်” (The road to hell is paved with good intentions.) ဆိုသကဲ့သို့ တော်လှန်ရေးခေါင်းစဉ်အောက်မှ လုပ်ရပ်တိုင်းသည် ပြည်သူ့ဘဝများကို ငရဲကျစေခဲ့ပြီဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်သည် အကြမ်းဖက်မှုကိုသာ မွေးဖွားပေးပြီး ထိုမှတစ်ဆင့် အာဏာရှင်သစ်များသာ ထွက်ပေါ်လာစမြဲဖြစ်သည်။
ကျွန်ုပ်တို့နိုင်ငံသည် သေနတ်ပြောင်းတစ်ခုမှလွတ်ရန် ပိုမိုဆိုးရွားသော အာဏာရှင်သစ်များကို အားကိုးမိခြင်းဖြင့် “ဒယ်အိုးထဲမှလွတ်ရန် ကြိုးစားရင်း မီးပုံထဲသို့ ခုန်ဆင်းမိခြင်း” (Out of the frying pan into the fire) သို့မဟုတ် “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး” သည့် ကပ်ဘေးမျိုးနှင့် ရင်ဆိုင်နေရသည်။ သေနတ်ကိုင်ထားသူက မိမိကိုယ်ကိုယ် တရားသူကြီးဟု မှတ်ယူနေသရွေ့ ဤနိုင်ငံတွင် ဒီမိုကရေစီဆိုသည်မှာ အလှမ်းဝေးနေဦးမည်သာဖြစ်သည်။
မြန်မာပြည်သူများသည် အလုံးစုံပျက်သုဉ်းခြင်းကို မလိုလားဘဲ တည်ငြိမ်မှုနှင့် ဥပဒေဘောင်အတွင်းမှ ပြောင်းလဲခြင်းကိုသာ အမှန်တကယ် လိုအပ်နေခြင်းဖြစ်သည်။ သေနတ်ပြောင်းဝမှလာသော အာဏာသည် မတည်မြဲသကဲ့သို့ တရားမျှတမှုလည်း မရှိနိုင်ပေ။ ထို့ကြောင့် အကြမ်းဖက်လမ်းစဉ်နှင့် အာဏာရှင်လက်သစ်များကို ပြတ်သားစွာ ဆန့်ကျင်ကာ၊ နိုင်ငံတကာက လက်ခံပြီး ပြည်သူ့ဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်မည့် “ရွေးကောက်ပွဲလမ်းကြောင်း” ကိုသာ ခိုင်မာစွာ ရွေးချယ်ကြရတော့မည်ဖြစ်သည်။ အာဏာရှင်သံသရာကို အဆုံးသတ်နိုင်သည့် တစ်ခုတည်းသော သော့ချက်သည် လက်နက်မဟုတ်ဘဲ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲသာ ဖြစ်သည်။
သို့ဖြစ်ပါ၍ နိုင်ငံနှင့် ပြည်သူ့ အနာဂတ်အတွက် အော်တီဂါလက်သစ်များ ထပ်မံထွန်းကားစေမည့် NUG၊ PDF တို့၏ လက်နက်ကိုင်လမ်းစဥ်ကို လက်မခံ၊ ရွေးကောက်ပွဲလက်မခံဟူသော သွေးထိုး လှုံ့ဆော်မှုများအောက် ဒူးမထောက်ဘဲ၊ စစ်မှန်သော နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် တိုင်းပြည်ကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ပြည်သူအပေါင်းက ရွေးကောက်ပွဲလမ်းကြောင်းကိုသာ အောင်မြင်ပြီးမြောက်သည့်အထိ မဆုတ်မနစ်သော လုံ့လဖြင့် မဲပေး ရွေးချယ်ကြပါရန် MT News က ဆက်လက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
