



၇.၁.၂၀၂၅
Written by Linn Eain
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ပျက်စီး/ပျောက်ဆုံးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ကို One Stop Service ဖြင့် မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးတွင် ဆောင် ရွက်ပေးနေမှုကို ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်စဉ် မော်လမြိုင်ကျွန်းမြို့နယ်အနေဖြင့် အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပမည့်မြို့နယ်ဖြစ်သည်နှင့်အညီ မြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ကြရန် မြို့နယ်လ၀ကဝန်ထမ်းများအား မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မြို့နယ်ရုံး၏ ရုံးခန်းများအတွင်း ရုံးစာရွက် စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် ရုံးဝန်းအတွင်း မိုးရာသီရေကြီးရေလျှံမှု မရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာရွက်စာတမ်းနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေးကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။





ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ချမ်းမြေ့ဘိုးဘွားရိပ်သာသို့သွားရောက်၍ ရိပ်သာမှ တာဝန်ရှိသူများနှင့် အဘိုးအဘွား (၂၀) ဦးအားတွေ့ဆုံကာ မကြာမီကျင်းပတော့မည့် အထွေထွေ ရွေးကောက်ပွဲတွင် အဘိုးအဘွားများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေး၊ နိုင်ငံသားကတ်ပြား ပျောက်ဆုံး /ပျက်စီးပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ ပြန်လည်လျှောက်ထားရယူ ကိုင်ဆောင်နိုင်ရေး၊ အဘိုးအဘွားများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ဆောင်ရွက်ပေးမှုအခြေအနေများနှင့် စပ်လျဉ်း၍ လိုက်လံကြည့်ရှုမေးမြန်းကာ အလှူငွေနှင့် စားသောက်ဖွယ်ရာများကို အဘိုးအဘွားတစ်ဦးချင်းထံ လိုက်လံဝေငှပေးအပ်လှူဒါန်းခံကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံကာ လက်ရှိနိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပနေမှုနှင့် မော်လမြိုင်ကျွန်းမြို့နယ်အနေဖြင့် အပိုင်း(၃)၌ ကျင်းပဆောင်ရွက်မည့်အခြေအနေ၊ နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက ကြိုးပမ်းဆောင်ရွက်နိုင်ရေး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ကတ်ပြား ပျောက်ဆုံး/ ပျက်စီးပါက သက်ဆိုင်ရာလဝကရုံးသို့ ဆက်သွယ်လျှောက်ထား ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားကာ တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
