◾️ ပို့ကုန်ရငွေ၏ ၁၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ရည်ညွှန်းဈေး တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့် လဲလှယ်ရန် လျှော့ချ ပြင်ဆင်သတ်မှတ်
၇. ၁. ၂၀၂၆
Written by Nyein Kyaw
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ယခုဇန်နဝါရီ ၁ ရက်မှစတင်၍ ပို့ကုန်ရငွေ၏ ၁၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၂,၁၀၀ ဖြင့် ရောင်းချရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့် ယနေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၂၄) ဖြင့် သတ်မှတ်ခဲ့သည်။
ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်လိုက်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ဤအမိန့်ကြော်ငြာစာသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းအား သတ်မှတ်ဈေးနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် နိုင်ငံတော်သို့ ပေးသွင်းနေရခြင်းဖြစ်ပြီး လက်ရှိပေးသွင်းနေရသည့် ပို့ကုန်ရငွေ ၂၅ ရာနှုန်းကိုလည်း တစ်လ၊ နှစ်လအတွင်း ထပ်မံလျှော့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် UMFCCI ၏ (၃၄) နှစ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားထားသည်။
နိုင်ငံခြားငွေနှင့် ပတ်သက်ပြီး နိုင်ငံတော်တွင်ရှိသော်လည်း သုံးစွဲမရအောင် ပိတ်ပင်ထားမှုများကြောင့် ကုန်သွယ်မှုမှရရှိသည့် နိုင်ငံခြားဝင်ငွေကို အဓိကသုံးစွဲနေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်များထံမှ ရရှိသည့် ပို့ကုန်ရငွေ နိုင်ငံခြားငွေများအား စက်သုံးဆီ၊ ဆေးဝါး အပါအဝင် အများပြည်သူအတွက် အရေးကြီးပြီး အဓိကလိုအပ်သည့် ကုန်ပစ္စည်းများ တင်သွင်းရာတွင် သုံးစွဲနေခြင်းဖြစ်ကြောင်း ယာယီသမ္မတက အဆိုပါ အခမ်းအနားတွင် ရှင်းလင်းပြောကြားထားသည်။
