




၇. ၁. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ၌ မွန်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်၊ ဧရာဝတီတိုင်းတို့၏ (မဲအများဆုံးရရှိသူအနိုင်ယူစနစ်)တွင် အနိုင်ရရှိခဲ့သည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၇ ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်အမှတ် (၁၀/၂၀၂၆) ဖြင့် ယနေ့တွင် ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်၍ အပိုင်းလိုက်ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်အဖွဲခွဲများက တိုင်းဒေသကြီးလွှတ်တော် သိုမဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉ (ခ) နှင့်အညီ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်အရ မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်နှင့် သထုံ စသည့် မြို့နယ် ၅ ခုလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နှင့် အလုံ စသည့်မြို့နယ် ၁၂ ခုလုံးတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့သည်။
ရှမ်းပြည်နယ်အတွင်း ပင်းတယ၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုးနှင့် လင်းခေး စသည့်မြို့နယ် ၉ ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့ပြီး ဟိုပုံး၊ တောင်ကြီးနှင့် လွိုင်လင် စသည့် မြို့နယ် ၃ ခုတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ အနိုင်ရရှိခဲ့သည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ်တ္တာနှင့် ဟင်္သာတ စသည့်မြို့နယ် ၈ ခုလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှပင် အနိုင်ရရှိခဲ့သည်။
