




၇.၁.၂၀၂၆
Written By Thandar
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို နောက်လ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ နေပြည်တော် MICC-1 မှာ ကျင်းပမယ်လို့ သိရပါတယ်။
အဆိုပါ အကယ်ဒမီပေးပွဲအတွက် ကြိုတင်ပြင်ဆင်မှု အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၇ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့သလို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးလွင်မြင့်၊ ဝတ်စားဆင်ယင်ရေး ရွေးချယ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အကယ်ဒမီ ဆွေဇင်ထိုက်တို့က Online က တက်ရောက်ခဲ့ကာ အကယ်ဒမီပေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ဆွေးနွေးတင်ပြမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။





“၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီ ၇ ရက်မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမယ်”လို့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားများထဲက ဆန်ခါတင်ဇာတ်ကားများကို ဆုရွေးချယ်ရေးစပ်ကော်မတီက အသေးစိတ်ကြည့်ရှု စစ်ဆေးနေပြီဖြစ်ကြောင်းနဲ့ Forever Group နဲ့ ပူးပေါင်းပြီး ယခင်နှစ်ထက် ပိုမိုကောင်းမွန်အောင် အကောင်းဆုံး ခမ်းနားစွာကျင်းပနိုင်ဖို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
