




၁.၁.၂၀၂၆
Written By Thandar
Mahar Original Series က ရိုက်ကူးထားတဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံ “အငြိုး”ဇာတ်လမ်းတွဲကို မနက်ဖြန် ဇန်နဝါရီ ၂ ရက်နေ့ မနက် ၇ နာရီမှာ Mahar Application က ထုတ်လွှင့်ပြသမှာ ဖြစ်ပါ တယ်။
“ကျွန်တော့်အနေနဲ့ ဇာတ်ကားတွေ မရိုက်ခင်ကတည်းက ဇာတ်လမ်း ဇာတ်ညွှန်းပိုင်းတွေ အရင်ပြင် ဆင်ပြီးမှ Pre- Production တွေလည်း အကြိမ်ကြိမ် လုပ်ထားတယ်။ ဒီကားထဲက Actor တွေကတော့ Mahar ရော၊ ကျွန်တော်တို့ Direct Team အဖွဲ့က အကုန်က ရွေးချယ်ဖြစ်တာပါ။ ဒီအထဲမှာ Main ကာရိုက်တာဖြစ်တဲ့ အငြိုးတို့၊ လိမ္မာအောင်တို့ ထား၊ ဦးကောင်းမှူးတို့ ကာရိုက်တာတွေကို သေချာလုပ်ပေးနိုင်မယ့် သရုပ်ဆောင်တွေကို တိုင်ပင်ရွေးချယ်လုပ်ဖြစ်တာပါ။ စာရေးဆရာ သျှင်မရဲ့ ပန်းတို့ရဲ့ကာရန် ဝတ္ထုကို အငြိုးအဖြစ် ဖန်တီးထားတာပါ။ ဆရာဝတ္ထုတွေကလည်း သိတဲ့အတိုင်း ဇာတ်လမ်း ဇာတ်အိမ်ကလည်းကောင်းတာမို့လေ။ ပရိသတ်ကို စွဲဆောင်နိုင်မှာပါ။ ပရိသတ်ရင်ထဲရောက်လာမယ်လို့ မျှော်လင့်ပါတယ်”လို့ ဒါရိုက်တာ ပြည့်ဖြိုးနိုင်က ပြောပါ တယ်။
အဆိုပါ ဇာတ်လမ်းတွဲက ဝတ္ထု သျှင်မ၊ ဇာတ်ညွှန်း ညမွှေးပန်း၊မြသက်ချိုနဲ့ မုဒြာ၊ ဒါရိုက်တာပြည့်ဖြိုး နိုင်(PPN) က သရုပ်ဆောင် မင်းဘုန်းမြတ်၊ စိုင်းစည်တွမ်ခမ်း၊ သားညီ၊ ရဲလွင်ဦး၊ အကယ်ဒမီ မေမြင့်မိုရ်၊ ဝေလာရီ၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ Kai၊ ရဲထွဋ်မင်းခေါင်၊ ရဲမွန်၊ အကယ်ဒမီ ခင်မို့မို့အေး၊ ယွန်းဝင့်လွှာ အောင်၊ သိင်္ဂီမြင့်၊ မြတ်အမာရာ၊ ဧည့်သည်သရုပ်ဆောင် သုန္ဒြေဦးတို့ ပါဝင်ထားကြပါတယ်။
“ယွန်းက ဒီဇာတ်ကားမှာ ယမုံဖူးဆိုတဲ့ ကာရိုက်တာနဲ့ပါဝင်ထားပါတယ်။ သူ့က သူချစ်စရာကောင်းတယ်။ အငြိုးဆိုတဲ့ ကောင်မလေးရဲ့ အနိုင်ကျင့်ခြင်းကိုခံရတယ်။ တစ်ဖက်မှာလည်း ကောင်လေးနဲ့ ချစ်စရာ ကောင်းတာလေးတွေလည်း ပါပါတယ်။ အငြိုးက စိတ်ထားက နည်းနည်းမောက်မာတယ်။ သူများထက် ပိုသာ ချင်တဲ့သူပေါ့ ဒီကားက ဒရာမာတွေ ပိုလောင်ရတာတွေပါမှာပါ” လို့ သရုပ်ဆောင် ယွန်းဝင့်လွှာအောင်ကပြော ပါတယ်။
“အငြိုး” ဇာတ်လမ်းတွဲကိုတော့ ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီမှာ Mahar Channel လိုင်းက ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။
