
၁. ၁. ၂၀၂၅
Written by Nyein Kyaw

ပို့ကုန်ရငွေကြွေးကျန် အပြည့်အဝ ပြန်လည်ပေးသွင်းပြီးသော ကုမ္ပဏီ ၂၉ ခုအား အမည်မည်းစာရင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့် တားဆီးထားခြင်းတို့မှ ပယ်ဖျက်ပြီးစီးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယမန်နေ့တွင် အသိပေးကြေညာထားသည်။

၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသောကုမ္ပဏီ ၂၉ ခုအားလည်းကောင်း၊ ၂ဝ၂၁ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသောကုမ္ပဏီ ၅၅ ခုအားလည်းကောင်း၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့်ကုမ္ပဏီ ၁၉၇ ခုအားလည်းကောင်း အမည်မည်းစာရင်း (Black Lists) ထည့်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညှိနှိုင်းချက်အရ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့် တားဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ အမည်မည်းစာရင်းထည့်သွင်းခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့် တားဆီးခြင်းခံရသည့် ကုမ္ပဏီများအနက် ပူးတွဲပါကုမ္ပဏီ (၂၉) ခုသည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သဖြင့် ယင်းကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း ဗဟိုဘဏ်မှ ကြေညာထားသည်။
ထို့အတူ ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black List) ထည့်သွင်းခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့် တားဆီးခြင်းတို့မှ ပယ်ဖျက်ပြီးသည့်ကုမ္ပဏီ ၂၉ ခု၏ စာရင်းကိုလည်း ပူးတွဲထုတ်ပြန်ပေးထားသည်။
