၁. ၁. ၂၀၂၅
Written by Nyein Kyaw
ပြည်ပသို့ အရေးပေါ် သွားရောက်မည့်သူများ ယခုဇန်နဝါရီ ၅ ရက်မှစတင်၍ အမြန်ဝန်ဆောင်ခ ၅၄၅,၀၀၀ ကျပ်ဖြင့် နိုင်ငံကူးလက်မှတ်များ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ယနေ့တွင် အသိပေးကြေညာထားသည်။
အရေးကြီး/အရေးပေါ်ဖြင့် ပြည်ပသို့ သွားရောက်လိုသူများ Online Booking တင်ရာတွင် လည်းကောင်း၊ ရုံးတွင်းဆောင်ရွက်ရာတွင်လည်းကောင်း စောင့်ဆိုင်းရန်မလိုဘဲ အမြန်ဝန်ဆောင်မှု(Express Service) ဖြင့် လျှောက်ထားနိုင်ရေး စီစဉ်ထားကြောင်း အသိပေးကြေညာထားသည်။
အဆိုပါ အစီစဉ်တွင် လျှောက်လွှာလက်ခံပြီး ၅ ရက်အကြာတွင် နိုင်ငံကူးလက်မှတ်စာအုပ် ရမည်ဖြစ်ပြီး အမြန်ဝန်ဆောင်ခမှာ စာအုပ်ဖိုးအပါအဝင် ၅၄၅,၀၀၀ ကျပ် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အသေးစိတ်အချက်အလက်များအား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ website ဖြစ်သည့် www.passport.gov.mm တွင် ဖော်ပြထားကြောင်းနှင့် အမြန်ဝန်ဆောင်မှု (Express Service) အား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှစတင်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
သို့သော် အမည်မည်းစာရင်းတွင် ပါဝင်သူများ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက် မပြီးစီးသူများ၊ ပြစ်ဒဏ်ကာလမပြီးမီ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများ၊ ပြည်ပထွက်ခွာမှု တားဆီးခံရသူများ၊ လက်ရှိနိုင်ငံ့ဝန်ထမ်းများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများနှင့် ပုဂ္ဂလိအဖွဲ့အစည်းများမှ ထောက်ခံချက်လိုအပ်သူများအနေဖြင့် ငွေ မဆုံးရှုံးစေရေးအတွက် ရုံးများတွင် စုံစမ်းပြီးမှသာ လျှောက်ထားရန်လည်း အသိပေးထားသည်။
