
၁.၁.၂၀၂၆
Written by Thiri
ရပ်ထားတဲ့ ကုန်တင်ကားကို Toyo Crown ယာဉ်တစ်စီးက နောက်ကနေ အရှိန်နဲ့ဝင်တိုက်မိလို့ ယာဉ်ပေါ်ပါ လူ ၄ ဦးအနက် ၂ ဦး နေရာတင်သေဆုံးကာ ၂ ဦးပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းမပေါ် ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်က ဇန်နဝါရီ ၁ ရက်နေ့၊ မနက် ၄ နာရီ ၂၂ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းမပေါ်၊ အဝေးပြေးအကျော်မှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေတဲ့ သတင်းအရ လှိုင်သာယာအနောက်ပိုင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနဲ့ ထွက်ခွာဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ ပါဝင်ကူညီခဲ့တဲ့ လှိုင်သာယာကွန်ယက်အဖွဲ့ဝင် တစ်ဦးက “ဖြစ်တဲ့နေရာက ရွှေဗျိုင်းဖြူ ဆီဆိုင်အကျော် ဆိုတော့ ထန်းတပင်ဂိတ်ဖြတ်ဖို့ အဲ့ဒီနားမှာက ညဘက်ဆို ကုန်ကားတွေတန်းစီ ရပ်စောင့်လေ့ရှိတယ်။ မနက် ၄ နာရီမကျော်မခြင်း လူနာတင်ယာဉ်တောင် လူနာမပါရင် ဖြတ်ခွင့်မပြုဘူး။ စောင့်ရတယ်။ အဲ့လိုစောင့်နေတဲ့ ကားကို အခု ဖြစ်တဲ့ကားက နောက်ကနေဝင်တိုက်တာ။ အရှိန်တော်တော်ပါတယ်။ ကားပေါ်မှာ လူလတ်ပိုင်းအရွယ်တွေပဲ။ ရှေ့က အမျိုးသားနဲ့ အမျိုးသမီးက နေရာတင်သေတာ။ နောက်ခန်းကလည်း အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးပဲ။ သူတို့လည်း အနီရောင် အဆင့် စိုးရိမ်ရတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်အတွင်း ပိတ်မိသူ(၄)ဦး အနက် ကျား(၁)ဦး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နဲ့ ကျား(၁)ဦး၊ (မ)(၁)ဦး (သေဆုံး) တို့ကို ကရုဏာတွဲလက် လူမှုကူညီရေးအသင်း၊ ပြည်တော်သစ် လူမှုကူညီရေးအသင်းနဲ့ မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်တွေနဲ့ လှိုင်သာယာပြည်သူဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိထားသူ ၂ ဦးကို ရန်ကုန်ဆေးရုံကြီးဆီ ထပ်မံ လွှဲပြောင်းတာမို့ လူမှုကူညီရေး အသင်းတွေကပဲ အချိန်နဲ့တစ်ပြေးညီ လိုက်လံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကရုဏာတွဲလက်
