၂၅. ၁၂. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း ရေဖြူမြို့နယ်ရှိ သင်းကုန်းတရားစခန်းမှ ပြည်သူများကို PDF က ဒရုန်းဗုံးကြဲတိုက်ခိုက်လိုက်၍ ကလေးငယ် နှစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ ကိုးဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။
ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား ငါးဦး၊ အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ် နှစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ထိုနေ့ နံနက် ၁၀ နာရီ ၃၀ မိ နစ်တွင် ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာနေသူများဖြစ်ကြသည့် ဦးညိုနိုင်(၄၉)နှစ်၊ ဦးမိုးသက်ဦး(၃၀)နှစ်၊ ဦးစိုးသိန်း(၅၈)နှစ်၊ ဦးစိန်ဝင်း(၆၈)နှစ်၊ ဦးအောင်ဝင်း(၈၃)နှစ်၊ ဒေါ်ဆန်းတင်(၇၀)နှစ်၊ ဒေါ်ရင်ကြည်(၆၄)နှစ်၊ မောင်ပိုင်ဖြိုးမင်း(၆)နှစ်နှင့် မောင်မြတ်မြတ်(၉)နှစ်တို့သည် အဆိုပါကျေးရွာရှိ ဒေသအခေါ် သင်းကုန်းတရားစခန်း၌ ရှိနေစဉ် ၎င်းနေရာသို့ PDF များက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် ပစ်ခတ်လိုက်သည့် Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲ ခဲ့မှုကြောင့် ၎င်းတို့ကိုးဦးတွင် ဗုံးသီးပေါက်ကွဲထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုများအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။








