၂၄.၁၂.၂၀၂၅
Written By Min Thet
တပ်မတော်ရဲ့ အကြမ်းဖက်နှိမ်နှင်းရေးအထူးစစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ်မှာ လေကြောင်းနဲ့ ရှင်းလင်းရေး လုပ်ဆောင်နေတဲ့အခြေအနေကို AA က ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ဆိုတာက ရခိုင်ပြည်သူတွေအတွက် မေးခွန်းတစ်ခု ဖြစ်လာပါတယ်။
မကြာသေးခင် ရက်ပိုင်းကလည်း AA အကြမ်းဖက်အဖွဲ့ကို လက်နက်ကြီးကျည်အိမ်တွေ မှောင်ခိုပို့ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရ်ခရိုင်၊ ရာမူးဒေသရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
“AA ကို နောက်ကထောက်ပံ့နေတဲ့သူ အင်အားကောင်းသလောက်အထိ AA ဟာ တောင့်ခံနိုင်လိမ့်မယ်။ AA ကို နောက်ကထောက်ပံ့တဲ့ထဲမှာ တရုတ်ကတော့ မပါတော့ဘူး။ ဘယ်လိုဖြစ်မလဲဆိုတာတော့ ကိုယ့်ဘာ ကိုယ် စဉ်းစားယူကြတော့ပေါ့။ နောက်က ထောက်ပံ့တဲ့သူမရှိတော့တဲ့ TLNA တို့ MMDA တို့ကတော့ ငြိမ်းချမ်းရေးအတွက် စကားတွေကမ်းလှမ်းပြီးတော့ပြောပြီးတော့ ညှိနှိုင်းကုန်ကြပြီ။ သူတို့နောက်မှာ အ ထောက်အပံ့မရှိတော့ဘူး။ အဲဒီတော့ AA ကို နောက်ကထောက်ပံ့နေတဲ့သူ ဘယ်လောက်အတိုင်းအတာအထိထောက်ပံ့နိုင်သလဲ။ အဲလောက်အထိ ရခိုင်စစ်ပွဲ(ပဋိပက္ခ) က ကြာလိမ့်မယ်”လို့ မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက MT News ကို ပြောပြပါတယ်။
မြောက်ပိုင်း ၃ ဖွဲ့မှာ တပ်မတော်နဲ့သဘောတူညီမှုမလုပ်တာဆိုလို့ AA အကြမ်းဖက် တစ်ဖွဲ့ပဲ ကျန်တော့တာဖြစ်ပါတယ်။ လက်ရှိမှာ တပ်မတော်က လေကြောင်းကို ပိုင်စိုးထားပြီးဖြစ်တာကြောင့် AA က ယာယီ စိုးမိုးထားတဲ့ ရခိုင်ပြည်နယ်အတွင်းက နေရာဒေသတချို့တွေမှာ အကြမ်းဖက် စစ်ဆင်ရေးတွေ လုပ်နေတာ ရှိပါတယ်။ ဒီလိုလုပ်နေတဲ့အခါ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်က မြောက်ဦးဆေးရုံ ဗုံးကြဲခံရလို့ သေဆုံးသူတွေဟာ AA ဘက်က အကြမ်းဖက်တွေဖြစ်ပေမဲ့ အရပ်သားတွေ ဖြစ်တယ်လို့ AA နဲ့ အကြမ်းဖက် အားပေး မီဒီယာတွေက ဝေဝေဆာဆာ လီဆယ် ရေးသား ဖော်ပြနေကြတာလည်း မြင်ရပါတယ်။
“သူတို့နယ်မြေစိုးမိုးထားတဲ့ AA အဖွဲ့တွေကိုလိုက်ပြီး ဗုံးကြဲတာ ချေမှုန်းတာတွေလုပ်နေတာပေါ့နော်။ ဒီလောက်အထိလုပ်နေတာကို AA က ဘယ်လောက်အထိကြံ့ကြံ့ခိုင်နိုင်မှာလဲ။ မခံနိုင်တဲ့အခါကြတော့ AA က မြောက်ပိုင်းသုံးဖွဲ့လုပ်သလိုလုပ်သင့်တာပေါ့”လို့ ရခိုင်တိုင်းရင်းသားတစ်ဦးက MT News ကို ပြောပြပါတယ်။
လတ်တလောမှာ အိုးပစ်အိမ်ပစ် စစ်ရှောင်နေကြရတဲ့ ရခိုင်တိုင်းရင်းသူတိုင်းရင်းသားတွေရဲ့ သဘောထား ကတော့ လက်ရှိ ဖြစ်ပျက်နေတဲ့ အရာတွေ လျော့ပါးသက်သာစေဖို့ AA အနေနဲ့ တပ်မတော်နဲ့ညှိနှိုင်းစေ ချင်နေကြပဲ ဖြစ်ပါတယ်။
“ခေါင်းမမာသင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ရှေ့ဆက်ပြီး အပြောင်းအလဲ မလုပ်ရင် ရခိုင်ပြည်သူတွေ သား စဉ်မြေးဆက် ဖွံ့ဖြိုးတိုးတက်တော့မှာ မဟုတ်ဘူး။ စစ်တိုက်တာကို အနိုင်ရလို့ဆိုပြီး ယာယီ ထိန်းထားလို့ ရတဲ့ အပေါ်မှာ ထွန်းမြတ်နိုင်က မာန်တက်နေပေမဲ့ သူ မာန်တက်လေ ရခိုင်ပြည်သူတွေ အထိနာလေပဲ ဆိုတာကို ထွန်းမြတ်နိုင်သိအောင် ကျွန်တော်တို့က မီဒီယာက ရေးချင်တာ။ကူညီပေးကြပါ”လို့ ရခိုင်အမျိုးသားရေးလုပ်ငန်းတွေကို လုပ်နေသူက ပြောပြပါတယ်။
တပ်မတော်ရဲ့ လေကြောင်း ရှင်းလင်းမှုကြောင့် ရခိုင်ပြည်နယ် အထိနာနေတဲ့အပေါ်မှာ AA က ရခိုင်လူမျိုးတွေ ရဲ့မျက်နှာကို ငဲ့ကွက် ကြည့်သင့်တယ်လို့ တချို့ ရခိုင်တိုင်းရင်းသားတွေက ပြောနေကြသလို တချို့ အတွေးအခေါ် တိမ်ကောတဲ့ တစ်ဖက်သတ် ရခိုင်တိုင်းရင်းသားတွေကလည်း သူတို့ရဲ့ အတွေးအခေါ် ကို ပြောင်းလဲသင့်ပြီလို့ နိုင်ငံရေး လေ့လာသူတွေက ပြောဆိုနေကြပါတယ်။
“AA ငဲ့ကွက်ကြည့်ခြင်း မကြည့်ခြင်းက ရခိုင်ပြည်သူ အချို့ ရဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ရခိုင်အားလုံးကို မဆိုလိုဘူး။ ရခိုင်ပြည်သူတွေထဲက ထိုက်သင့်သလောက် ဩဇာလွှမ်းမိုးတဲ့လူ၊ ကြည်ညိုမှုများတဲ့သူတွေဟာ ဆရာတော်တွေအပါအဝင် AA နဲ့ စကားပြောရပါလိမ့်မယ်။ အဲလိုမပြောဘဲနဲ့ လျှောက်ပြီး စဉ့်အိုးကြီးထဲ ခေါင်းထည့်ပြီး အော်တာမျိုးလောက်ကတော့ဘာမှမဖြစ်ပါဘူး။ တရားဝင်ဆွေးနွေးရပါလိမ့်မယ်။ ပြီးရင် ကြားအဆက်အသွယ်တွေ တတိယအုပ်စုလိုဟာမျိုးပေါ့။ ဒါတွေ ရှိပါတယ်။ အဲဒီကနေတစ်ဆင့် သူတို့က နိုင်ငံတော် နဲ့ချိတ်ဆက်ပြီးတော့ သူတို့က Bridge တံတားသဖွယ်ပေါ့။ အဲဒီရခိုင်က ဩဇာအာဏာရှိတဲ့သူတွေနဲ့ ဒီဘက်က နိုင်ငံတော်နဲ့ချိတ်ဆက်လုပ်ပေးနိုင်တဲ့သူတွေနဲ့ ပေါင်းကူးလုပ်ပေးမယ့်အဖွဲ့အစည်းလေးတစ်ခုကို အလယ်မှာထားပြီးတော့ ပြည်သူ့အတွက်လုပ်ကိုင်ဆောင်ရွက်ကြဖို့ အချိန်ရောက်ပါပြီ။ ဒီလိုမှမဟုတ်ရင် ရခိုင်ဆိုတာ ခပ်ရိုင်းရိုင်းပဲပြောရမယ်ဆိုရင်တော့ နောင်ခါ ပြတိုက်မှာသွားကြည့်ရပါလိမ့်မယ်။ ဒါနှိမ်တာမဟုတ်ဘူး။ အဲလို ခေါင်းမာနေမယ်ဆိုရင် ရခိုင်ဆိုတာပြတိုက်မှာဘဲ သွားကြည့်ရမယ်”လို့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်နေသူတစ်ဦးက MT News ကို ပြောပါတယ်။
အခြားတစ်ဖက်မှာလည်း AA က ရခိုင်မြို့ ၁၄ မြို့ တိုက်ယူထားနိုင်တဲ့အတွက် အပေါ်စီးကနေ ညှိနှိုင်းချင်တဲ့ သဘောထားမှာရှိနေပြီး ဒီလိုအခြေအနေကို လက်မခံနိုင်တဲ့အတွက် တပ်မတော်က ရခိုင်ကမြို့တွေကို တစ်မြို့ချင်းပြန်တိုက်သိမ်းဖို့ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေတာလို့ ယူဆမှုတွေရှိသလို ဒီလိုမျိုး AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ လုပ်ရပ်ကြောင့် ရခိုင်ပြည်သူတွေဟာ ထွန်းမြတ်နိုင်လက်အောက်မှာ ဆက်မနေရဲတော့ဘဲ တပ်မတော်ရဲ့အရိပ်အောက်ကို လူတစ်ဦး သိန်း ဆယ်ရာချီ အကုန်ခံ ထွက်ပြေးလာနေရတယ်လို့သိရတဲ့အပြင် မပြေးနိုင်သူတွေကတော့ အငတ်ဘေးနဲ့ သေကြေပျက်စီးခြင်းဘေးကို လည်စင်းခံနေရပြီး ရခိုင်အမျိုးသမီးငယ်အချို့ဟာလည်း စားဝတ်နေရေးအတွက် ပြည့်တန်ဆာအဖြစ် ကူးပြောင်းလုပ်ကိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
